တိုင်ဖွန်းမုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်မှ မိုင် ၁၄၀ အထိ ပြင်းထန်ခဲ့ပါတယ်။
Ko John

ဂျပန်နိုင်ငံ ကမ်းရိုးတန်းကို နှစ်ပေါင်း ၆၀ အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် ယနေ့ (အောက်တိုဘာ ၁၂ ရက်) စတင်ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

(Photo: Kyodo)

မုန်တိုင်းကြောင့် လူ‌လေးဦးထက်မနည်း ေသေဆုံးခဲ့ပြီး မကြုံစဖူး မိုးသည်းထန်မှုနဲ့ လေဆင်နှာမောင်းကဲ့သို့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေ ဂျပန်နိုင်ငံ နေရာဒေသအများအပြားမှာ ဖြစ်ပေါ်နေပါတယ်။

အာဏာပိုင်တွေက မိုးရွာသွန်းမှုနဲ့ဆက်နွယ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင် သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ထုတ်ပြန်ထားကြောင်း သိရပါတယ်။ တိုင်ဖွန်းဟာဂီဘစ်ဟာ တိုကျိုမြို့အနောက်တောင်ဘက် Izu ကျွန်းဆွယ်ကို ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီမတိုင်မီ ကုန်းတွင်းမုန်တိုင်းအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။

(Photo: Kyodo)

တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်မှ မိုင် ၁၄၀ အထိ အားကောင်းပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းအန္တရာယ်ရှိတာကြောင့် အာဏာပိုင်တွေက လူဦးရေ ၇.၃ သန်းကို မလုပ်မနေရမဟုတ်တဲ့ ရွှေ့ပြောင်းရန်ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းဟာဂီဘစ် တိုက်ခတ်မှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူသုံးဦးထက်မနည်း ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး လေးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ AFP သတင်းက ပြောပါတယ်။

(Photo: Kyodo)

မုန်တိုင်းကြောင့် ဂျပန်မြို့တော် တိုကျိုမြို့နဲ့ အနီးတဝိုက်မှာ လူဦးရေထောင်နဲ့ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံရပြီး နေရာအချို့မှာတော့ ဓာတ်အား အလျင်အမြန် ပြန်လည်ရရှိခဲ့ပါတယ်။ တိုကျိုဧရိယာမှာ ယနေ့နေ့လယ်မှ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၃ ရက်) အတွင်း မိုးရေချိန် တစ်လက်မခွဲကျော် ရွာသွန်းနိုင်ကြောင်း ဂျပန်မိုးလေဝသဌာန (Japan Meteorological Agency - JMA) က သတိပေးထားပါတယ်။

(Photo: Kyodo)

ဂျပန်ကို တိုင်ဖွန်းဟာဂီဘစ် မဝင်ရောက်မီကလည်း JMA က မုန်တိုင်းကြောင့် တိုကျိုမြို့တော်မှာ နှစ်ပေါင်း ၆၀ အတွင်း မိုးအသည်းထန်ဆုံးရွာသွန်းမှု ကြုံရနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ တိုင်ဖွန်းဟာဂီဘစ် ဦးတည်းချဉ်းကပ်လာမှုကြောင့် အစောပိုင်းကတည်းက ဂျပန်မှာ ကျင်းပပြုလုပ်တဲ့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ (Formula One Grand Prix) နဲ့ ကမ္ဘာ့ဖလားရက်ဘီပြိုင်ပွဲ (Rugby World Cup) များကို ရွှေ့ဆိုင်းဖျက်သိမ်းရမှုတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်နေခဲ့ကြောင်း သိရပါတယ်။

(Photo: Kyodo)

ဂျပန်ကုန်းတွင်းပိုင်းကို တိုင်ဖွန်းမုန်တိုင်း စတင်ဝင်ရောက်ခါနီး ယနေ့ညနေ ဒေသစံတော်ချိန် ၆ နာရီ ၂၂ မိနစ်အချိန်က မုန်တိုင်းဖြတ်သန်းတိုက်ခတ်မယ့် နေရာဒေသတစ်ခုဖြစ်တဲ့ Chiba စီရင်စုမှာ ရစ်ချ်တာစကေး ၅.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သေးကြောင်းလည်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်မှာ ယခုထက်ပိုမိုအားကောင်းပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၁၉၅၈ ခုနှစ်က စက်တင်ဘာလအတွင်းက တိုင်းဖွန်းမုန်တိုင်း အိုင်ဒါ (Typhoon Ida) တိုက်ခတ်ခဲ့ဖူးပြီး လူ ၁,၂၆၉ ဦး သေဆုံးခဲ့ကာ ဂျပန်ကိုဝင်ရောက်တိုက်ခတ်တဲ့ လူသေဆုံးမှုအများဆုံး ခြောက်ခုမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။



က္က