တိုကျိုတစ်နေရာတည်းမှာပင် ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်ပျံ့နှံ့မှုရပ်တန့်ရေး ဆောင်ရွက်မှုတစ်ခုအဖြစ် ဝန်ကြီးချုရှင်ဇိုအဘေးက အရေးပေါ်အခြေအနေကို အစောဆုံး ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ Yomiuri သတင်းစာက ဖော်ပြပါတယ်။

(Photo: AFP)

ဂျပန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ တရိပ်ရိပ်တိုးလာနေပြီး တိုကျိုတစ်နေရာတည်းမှာပင် ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာတော့ ယနေ့ (ဧပြီ ၆ ရက်) မွန်းလွဲပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၆၄၆ ဦးနဲ့ သေဆုံးသူ ၈၅ ဦးအထိ ရှိလာပါတယ်။ ပြန်လည်သက်သာလာသူ အရေအတွက်ကတော့ ၅၇၅ ဦး ဖြစ်ပါတယ်။



Kyodo သတင်းဌာနရဲ့ အဆိုအရ ဂျပန်မှာ COVID-19 တိုက်ဖျက်ရေး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေဟာ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈ ရက်) မှာ စတင်သက်ရောက်လာဖွယ်ရှိကြောင်း သိရပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားမယ့်ကာလဟာ တစ်လခန့်ကြာမယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေခဲ့ရာ ထိန်းချုပ်ဟန့်တားရေး စီမံဆောင်ရွက်မှုလုပ်ဆောင်ရန် ဂျပန်အစိုးရကို ဖိအားပေးမှုတွေ ရှိနေပါတယ်။

(Photo: Reuters)

ဂျပန်ဟာ အမေရိကန်၊ ဥရောပရှိ နိုင်ငံများ၊ တရုတ်တို့နဲ့ နှိုင်းယှဥ်ပါက လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ပေမဲ့ တိုကျိုမြို့တော်မှာတော့ ကူးစက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်မှု အပြင်းအထန် ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေမှာ လူတွေကို အိမ်မှာနေခိုင်းပြီး စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ထားစေရန် ဥပဒေအရ ပြောဆိုနိုင်ပါတယ်။ သို့သော် အခြားနိုင်ငံတွေမှာ စီမံဆောင်ရွက်နေသကဲ့သို့ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown ပုံစံ ဂျပန်မှာ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က