ရထားခေါင်းတွဲဟာ ဆိုးရွားစွာ ပျက်စီးသွားပြီး တွဲသုံးတွဲ လမ်းချော်သွားခဲ့ပါတယ်။
Ko John

ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ယိုကိုဟားမားမှာ ထရပ်ကားတစ်စီးနဲ့ လူဦးရေ ၅၀၀ ခန့် တင်ဆောင်လာတဲ့ အမြန်ရထားတစ်စီး တိုက်မိခဲ့ပြီး လူတစ်ဦးသေဆုံးကာ ၃၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယနေ့ (စက်တင်ဘာ ၅ ရက်) ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် တိုကျိုမြို့သို့ ချိတ်ဆက်ထားတဲ့ ရထားလမ်းမှာ ရထားခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ အခင်းဖြစ်နေရာ မှတ်တမ်းဗီဒီယိုတစ်ခုအရ ရထားခေါင်းတွဲရှိ လေကာမှန်များကွဲနေပြီး ရထားတွဲရှစ်တွဲအနက် သုံးတွဲဟာ လမ်းချော်နေခဲ့ပါတယ်။

ရထားခေါင်းတွဲဟာ ဆိုးရွားစွာ ပျက်စီးသွားတာတွေ့ရပါတယ်။ "အရေးပေါ်ဝန်ထမ်းတွေက ဒဏ်ရာရသူ ၃၀ ကျော်လောက်ကို ဆေးရုံပို့ခဲ့ပြီး နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်၊ လူတစ်ယောက် သေဆုံးခဲ့တယ်လို့ ဆေးရုံက အတည်ပြုထားပါတယ်" လို့ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ မီးသတ်ဌာနတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: AFP)

သစ်သီးများတင်ဆောင်လာတဲ့ ထရပ်ကားဟာ ရထားနဲ့နံရံတစ်ခုကြား ညပ်သွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ရထားနဲ့တိုက်မိတဲ့ ထရပ်ကားပေါ်မှ ပျက်စီးသွားတဲ့ သေတ္တာများထဲမှာ ကဗ္ဗလာသီးတွေနဲ့ သံပယိုသီးတွေ ထည့်သွင်းသယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ ယခု မတော်တဆမှုအတွင်း အသက် ၆၀ ကျော်အရွယ် ထရပ်ကားမောင်းသူ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရသူတွေအနက် အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့ပြီး နောက်ထပ် လူသုံးဦးလည်း အနည်းငယ် ဒဏ်ရာပြင်းထန်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ အခြား ဒဏ်ရာရသူတွေကတော့ မပြောပလောက်တဲ့ ဒဏ်ရာများသာရခဲ့တယ်လို့ ဆိုပါတယ်။ Keikyu ရထားကုမ္ပဏီရဲ့ အဆိုအရ ရထားမောင်းသူဟာ အရေးပေါ်ဘရိတ်ကို သုံးခဲ့ပေမဲ့ အလွန်နောက်ကျသွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သို့သော် နောက်ထပ် အသေးစိတ်ကို မပြောနိုင်သေးကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အပါအဝင် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ "ထရပ်ကားနဲ့တိုက်မိချိန်မှာ ရထားရဲ့ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၇၅ မိုင်ပါ၊ ရထားက ဒီအမြန်နှုန်းနဲ့ ခုတ်မောင်းသွားနေတယ်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်" လို့ အမည်ထုတ်ဖော်မပြောတဲ့ Keikyu ရထားကုမ္ပဏီမှ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောပါတယ်။

"သံလမ်းဖြတ်နေရာမှာ ထရပ်ကားတစ်စီး ပိတ်နေမှုလို အရေးပေါ်အခြေအနေတွေအတွက် ရထားလမ်းမှာ ပုံမှန်မဟုတ်တာကို သိရှိနိုင်တဲ့စနစ်တစ်ခု ရထားမှာ တပ်ဆင်ထားပါတယ်၊ အဲဒီစနစ်က အလုပ်လုပ်ခဲ့ပြီး အချက်ပြမီးလည်း လင်းနေခဲ့ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: AFP)

ဇွန်လ ၁ ရက်နေ့ကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြေးဆွဲနေတဲ့ မောင်းသူမဲ့ရထားတစ်စင်း လမ်းကြောင်းမှား ခုတ်မောင်းသွားခဲ့ပြီးနောက် ရထားတွဲရပ်တန့်ရန် နေရာမှာတပ်ဆင်ထားတဲ့ သံလမ်းအတားအဆီးကို ဝင်တိုက်ခဲ့မှုကြောင့် ခရီးသည် ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

၂၀၀၅ ခုနှစ် ဧပြီလအတွင်းမှာတော့ အိုဆာကာမြို့အနီးမှာ မြန်နှုန်းမြင့် ခုတ်မောင်းလာတဲ့ ရထားတစ်စီး သံလမ်းကနေ ခုန်ထွက်သွားခဲ့ပြီးနောက် လူနေအိမ်ခန်း တာဝါအဆောက်အအုံတစ်ခုထဲကို ဝင်တိုက်မိခဲ့ရာ ရထားမောင်းသူနဲ့ ခရီးသည် ၁၀၆ ဦး သေဆုံးခဲ့ပြီး လူ ၅၅၀ ကျော် ဒဏ်ရာရခဲ့ဖူးပါတယ်။

(Photo: AFP)

ဂျပန်မှာ ၁၉၆၃ ခုနှစ်က ယိုကိုဟားမားမြို့မှာပင် ဖြစ်ပွားခဲ့ဖူးတဲ့ ရထားမတော်တဆမှုမှာ ကုန်တင်ရထားတစ်စင်းက ထရပ်ကားတစ်စီးကို တိုက်မိပြီးနောက် ခရီးသည်တင် ရထားနှစ်စင်းနဲ့ပါ ထပ်မံတိုက်မိခဲ့မှု ဖြစ်ပါတယ်။ အဆိုပါ ရထားတိုက်မှုကြောင့် လူ ၁၆၁ ဦး သေဆုံးခဲ့ပါတယ်။

ဂျပန်မှာ ဖြစ်ပွားခဲ့ဖူးတဲ့ ရထားမတော်တဆမှုများအနက် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း တိုကျိုမြို့အနီး ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ပြီး လူ ၁၈၄ ဦး သေဆုံးကာ ၅၀၀ နီးပါး ဒဏ်ရာရခဲ့မှုဖြစ်ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က