ကလေးငယ်အချို့ အပါအဝင် လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့အပြင်ဘက်မှာ ဓားကိုင်သူတစ်ဦးက တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ နောက်ထပ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

ယနေ့ (မေ ၂၈ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဓားကိုင်သူက နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုးပြီး သတ်သေသွားခဲ့ကြောင်းလည်း သိရပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုအတွင်း ကလေးငယ်အချို့ အပါအဝင် လူ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။



ဂျပန်မြို့တော် တိုကျိုမြို့တောင်ဘက် ကာဝါဆာကီမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူအများအပြား ဓားထိုးခံရမှုဟာ အကြမ်းဖက်ရာဇဝတ်မှုတွေ နည်းပါးတဲ့ ဂျပန်မှာ ဖြစ်တောင့်ဖြစ်ခဲ တိုက်ခိုက်မှုလို့လည်းဆိုပါတယ်။ လူအများအပြားကို ဓားဖြင့်တိုက်ခိုက်ခဲ့သူရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါဘူး။

(Photo: AP)

ယခုတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း Nippon Medical School Musashi Kosugi ဆေးရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ကီယိုရှီမတ်ဆူဒါက ပြောပါတယ်။ ဓားကိုင်အမျိုးသားက ဘတ်စ်ကားစောင့်နေတဲ့ ကျောင်းသူကျောင်းသား ကလေးအုပ်စုကို ဓားဖြင့်တိုက်ခိုက်ခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

ဒေသခံမီဒီယာတွေက ဖော်ပြခဲ့မှုအရ ဓားကိုင်တိုက်ခိုက်သူဟာ အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ဓားဖြင့် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အရေးပေါ်ဌာနက ပြောပါတယ်။

(Photo: AFP)

တိုက်ခိုက်မှုဖြစ်ပွားရာ နေရာအနီးရှိ အသက် ၅၇ နှစ်အရွယ် မျက်မြင် အမျိုးသားတစ်ဦးရဲ့ ပြောကြားမှုအရ ကလေးငယ်များ အော်သံကိုကြားခဲ့ရပြီး ဘတ်စ်ကားမှတ်တိုင်အနီးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဓားတစ်ချောင်းကိုင်ထားလျက် 'ငါ မင်းတို့ကိုသတ်မယ်' လို့ အော်ဟစ်နေခဲ့တယ်လို့ Asahi Shimbun သတင်းမှာဖော်ပြပါတယ်။

"အမျိုးသားတစ်ယောက် ဓားတစ်လက်ကိုင်ထားတာ မြင်ခဲ့ရတယ်၊ ရှင်းရှင်းလင်းလင်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မြင်ရသလောက်က သူ့ကိုယ်သူ လည်ပင်းကို ဓားနဲ့ထိုးလိုက်ပုံရတယ်" လို့ မျက်မြင်တစ်ဦးက NHK သတင်းကို ပြောခဲ့ပါတယ်။ ဂျပန်မှာ အကြမ်းဖက်ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း အလွန်နည်းပါးပြီး ကလေးငယ်တွေဟာ စာသင်ကျောင်းကို ၎င်းတို့ဘာသာ အသွားအပြန် လုပ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

အကြမ်းဖက်ရာဇဝတ်မှု နည်းပါးတဲ့ဂျပန်မှာ လတ်တလော နှစ်ပိုင်းအတွင်း ထင်ရှားတဲ့ဖြစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်းက ကျည်ဆန်ရထားတစ်စင်းပေါ် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးပြီး လူတစ်ဦး သေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်မှ ဓားဖြင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ အလားတူ ၂၀၁၆ ခုနှစ်အတွင်း တိုကျိုမြို့တောင်ဘက်ရှိ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးနေရာတစ်ခုမှာ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က