ဂျပန်နိုင်ငံ နေရာဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုများအတွင်း သေဆုံးသူအရေအတွက် ၁၉၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေသေးကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇူလိုင် ၁၂ ရက်) ပြောပါတယ်။
Photo: Reuters
ယခုဖြစ်ရပ်ဟာ ဂျပန်မှာ နှစ်ပေါင်း ၃၀ အတွင်း မိုးရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရမှုဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုပါတယ်။ဂျပန်ဝန်ကြီးျချုပ် ရှင်ဇိုအဘေး ရေကြီးမြေပြိုမှုများ အဆိုးဆုံးဖြစ်ခဲ့တဲ့ နေရာဒေသတွေကို ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မှာ သွားရောက်ကြည့်ရှုခဲ့ပြီး သောကြာနေ့ (ဇူလိုင် ၁၃ ရက်) မှာလည်း မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှု အဆိုးဆုံးကြုံခဲ့ရတဲ့ နောက်ထပ် နေရာတွေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။
Photo: Jack Board/CNA
ရေကြီးမြေပြိုမှုကြောင့် လူအများအပြား သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် ဝန်ကြီးချုပ်အဘေးက နိုင်ငံ ၄ ခုသို့ သွားရောက်ရန်စီစဉ်ထားတဲ့ ၎င်းရဲ့ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။လက်ရှိမှာ မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာခဲ့ပြီးဖြစ်ရာ ရေကြီးမြေပြိုမှုများအတွင်း ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်မှေးမှိန်လာကြောင်းလည်း သိရပါတယ်။
Photo: Jack Board/CNA
ဂျပန်မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူဦးရေ ၁၀,၀၀၀ ကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းစေခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။ ဂျပန်အစိုးရက ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် ထောက်ပံ့မှုများဖြင့် ကူညီပေးပြီး နေအိမ်သို့ပြန်နိုင်ရန် စီစဉ်ပေးမယ်လို့ ကတိပြု ပြောကြားထားပါတယ်။"ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံး ဆောင်ရွက်ပေးသွားမှာပါ၊ ဒါကြောင့် ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သက်သောင့်သက်သာမရှိတဲ့ အခြေအနေနဲ့ ဆက်နေရသွားရမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးချုပ်အဘေးက ပြောခဲ့ပါတယ်။
Photo: Reuters
Photo: AFP
ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်စပ်ပြီး အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဟီရိုရှီးမားဒေသမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။