ပြိုင်ပွဲသက်တမ်း ၁၀ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော် မြောက်ဘက် ၃၇ မိုင်အကွာရှိ ဟန်ယု (Hanyu) မြို့လေးမှာ ထူးထူးဆန်းဆန်း ရုံးခန်းသုံး ဘီးတပ်ဆုံလည်ထိုင်ခုံများဖြင့် အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (ဇွန် ၉ ရက်) မနက်ပိုင်းက ဟန်ယုမြို့လေးရဲ့ လမ်းမတွေပေါ်မှာ ဘီးတပ်ဆုံလည်ထိုင်ခုံ ရွေ့လျားသံတွေနဲ့ ဆူညံသွားခဲ့တယ်လို့ ဆိုပါတယ်။ Isu-1 Grand Prix ဘီးတပ်ဆုံလည်ထိုင်ခုံပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၀ နှစ်မှာ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကျော် Formula One နဲ့ Le Mans ကားပြိုင်ပွဲတွေကို စံနမူနာဖြစ် အတုယူခဲ့တယ်လို့ သိရပါတယ်။



လူသုံးဦးပါဝင်တဲ့ ပြိုင်ပွဲဝင်အသင်း့တွေက ပေ ၆၅၀ ရှည်လျားတဲ့ ပြိုင်ပွဲပြေးလမ်းကို အချိန် ၂ နာရီအတွင်း အပတ်ရေ အများဆုံးရရှိအောင် ပတ်ပြေးပြီး ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေက ဘီးတပ်ထိုင်ခုံမှာထိုင်ပြီး ခြေထောက်ဖြင့် အားယူတွန်းကာ ထိုင်ခုံကိုနောက်ပြန် အနေအထားဖြင့် ရွေ့လျားစေတဲ့နည်းကို အဓိက အသုံးပြုကြပါတယ်။

(Photo: Reuters)

Isu-1 Grand Prix ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေက မိမိတို့စိတ်ကြိုက် ကိုယ်ပိုင်ဝတ်စုံတွေကို ဝတ်ဆင်နိုင်တယ်လို့ဆိုပါတယ်။ ထူးထူးဆန်းဆန်း ရုံးခန်းသုံး ဘီးတပ်ထိုင်ခုံပြိုင်ပွဲတွေကို ကျိုတိုမြို့မှာ ၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ဂျပန်နိုင်ငံတစ်ဝှမ်း မတူညီတဲ့နေရာ ၁၀ ခုမှာ ပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

"သုံးဘီးစက်ဘီးပြိုင်ပွဲတစ်ခုကို တွေ့ခဲ့ပြီးတော့ ဒီလိုပြိုင်ပွဲလုပ်ဖို့ စပြီးတွေးမိခဲ့တာပါ၊ နောက်ဆုံးတော့ သုံးယောက်တစ်ဖွဲ့နဲ့ နှစ်နာရီကြာ ယှဉ်ပြိုင်ရတဲ့ ဘီးတပ်ဆုံလည်ထိုင်ခုံ အပြေးပြိုင်ပွဲကို စီစဉ်ကျင်းပနိုင်ခဲ့ပါတယ်၊ အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးတာမျိုးကို ဖန်တီးချင်ခဲ့တာပါ" လို့ ပြိုင်ပွဲကို စတင်အကောင်အထည်ဖော် စီစဉ်ခဲ့သူ တာဟာရာက Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

ဟန်ယုမြို့မှာ ကျင်းပခဲ့တဲ့ Isu-1 Grand Prix ပြိုင်ပွဲတစ်ခုတည်းမှာပင် အသင်း ၅၅ သင်းအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၃၇၂ မိုင်ကျော် ဝေးကွာတဲ့ ဝါကာယာမာမြို့မှ လာရောက်ကြသူတွေလည်း ပါဝင်ခဲ့ပါတယ်။ Isu-1 Grand Prix မှာ ကျိုတိုမြို့မှ လာရောက်ယှဉ်ပြိုင်တဲ့ Kitsugawa Unyu အသင်းက အနိုင်ရသွားခဲ့ပါတယ်။

အနိုင်ရဗိုလ်စွဲခဲ့တဲ့ Kitsugawa Unyu အသင်းဟာ ယမန်နှစ်ပြိုင်ပွဲမှာ ရရှိထားခဲ့တဲ့ ၎င်းတို့ရဲ့ ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ နောက်ထပ် Isu Grand Prix ဘီးတပ်ဆုံလည်ထိုင်ခုံပြိုင်ပွဲကိုတော့ လာမယ့် ဇူလိုင်လအတွင်း Iwate မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က