မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။

ဂျပန်အနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ (သြဂုတ် ၂၈ ရက်) အတည်ပြုခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: AFP/Getty Images)

ရေကြီးမြေပြိုမှု အန္တရာယ်ကြောင့် လူဦးရေ ၆၇၀,၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန်လည်း ညွန်ကြားထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဂျပန်မိုးလေဝသဌာနက ကျူးရှူးကျွန်းမြောက်ပိုင်း နေရာဒေသတွေမှာ ရေကြီးမြေပြိုမှု သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ပြီး နောက်ထပ် လူဦးရေတစ်သန်းကိုလည်း ၎င်းတို့နေအိမ်များမှ စွန့်ခွာသင့်ကြောင်း အကြံပြုထားတယ်လို့ ဆိုပါတယ်။



မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် ယနေ့အထိ လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဆာဂါစီရင်စုအနောက်ပိုင်းမှာ ရေထဲမျောပါသွားတဲ့ ကားထဲမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖူကူအိုကာမြို့မှာလည်း ရေကြီးမှုအတွင်း ကားထဲမှာပိတ်မိနေခဲ့တဲ့ အမျိုးသားတစ်ဦးဟာ လွတ်မြောက်ရန်ကြိုးပမ်းခဲ့စဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(Photo: EPA)

ဆာဂါစီရင်စုမှာ နောက်ထပ် လူတစ်ဦး နှလုံးနဲ့အဆုတ် အလုပ်မလုပ်တော့တဲ့ အခြေအနေဖြစ်တယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒါက ပြောပါတယ်။ ဂျပန်အစိုးရ တာဝန်ရှိသူတွေက လူတစ်ဦး သေဆုံးမှုကို ဆရာဝန်က အတည်မပြုမချင်း နှလုံးနဲ့အဆုတ် အလုပ်မလုပ်တဲ့ အခြေအနေလို့ သုံးနှုန်းပြောကြားလေ့ရှိပါတယ်။

"မြစ်ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် မတူညီတဲ့ နေရာဒေသတွေမှာ ပျက်စီးမှုအများအပြား ဖြစ်ပေါ်တဲ့သတင်းတွေ ကြားသိရပါတယ်၊ နေအိမ်တွေ ရေနစ်မြုပ်နေပြီး လာမယ့် နာရီပိုင်းအတွင်း ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ဖြစ်နိုင်ခြေရှိနေပါတယ်" လို့ ယိုရှီဟီဒါက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: AP)

ရွှေ့ပြောင်းရန်ညွန်ကြားချက်များနဲ့ အကြံပြုချက်များကို ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမှာ မဟုတ်ပေမဲ့ ဒေသခံတွေအနေနဲ့ ၎င်းတို့ ပြောကြားမှုများကို လိုက်နာကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မီးသတ်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ အဆိုအရ ဆာဂါနဲ့ နာဂါစကီ စီရင်စုတွေမှာ နေအိမ်များ ရေနစ်မြုပ်နေကြောင်း သတင်းတွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့ ဆာဂါ၊ ဖူကူအိုကာနဲ့ နာဂါစကီတို့မှာ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး ရထားခရီးစဉ်အချို့ကို ဆိုင်းငံ့ထားရကြောင်းနဲ့ လမ်းအချို့ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

(Photo: AP)

ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ မြစ်အနီး နေထိုင်တဲ့အမျိုးသမီးတစ်ဦးဟာ မိုးသည်းထန်တဲ့ အသံကြောင့် အိပ်ရာမှနိုးလာခဲ့ပြီး သူမရဲ့ဖုန်းထဲကို သဘာဝဘေးအန္တရာယ် သတိပေးချက် ရောက်ရှိနေခဲ့တယ်လို့ ပြောပါတယ်။ "ဒါက အရမ်း ရှားပါးတဲ့ဖြစ်ရပ်ပါ၊ စပါးခင်းတွေနဲ့ အခြားနေရာတွေ ရေလွှမ်းနေတယ်၊ ပင်လယ်ပြင်ကြီးလိုပဲ" လို့ သူမရဲ့ အတွေ့အကြုံကို NHK သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ဂျပန်အနောက်ပိုင်းမှာ ယမန်နှစ်အတွင်းက မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အာဏာပိုင်တွေက ရွှေ့ပြောင်းရန်ညွန်ကြားချက်တွေကို အလေးအနက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က