ခိုလှုံရေးစခန်းဖွင့်ထားရာ ရပ်ကွက်အတွင်း နေရပ်လိပ်စာမရှိတာကြောင့် လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံကို နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် ဝင်ရောက်တိုက်ခတ်စဉ် မုန်တိုင်းလွတ်ရာ ရွှေ့ပြောင်းသူတွေအတွက် ဖွင့်လှစ်ထားတဲ့ ယာယီခိုလှုံရေးစခန်းတစ်ခုက အိမ်ခြေယာမဲ့ နှစ်ဦးကို လက်မခံခဲ့မှုအပေါ် စာနာစိတ်မရှိကြောင်း ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

(Photo: Reuters)

ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး ကိုယ်တိုင်က ခိုလှုံရေးစခန်းတွေဟာ လူတိုင်းကို လက်ခံသင့်ကြောင်းနဲ့ ယခုကဲ့သို့ နောက်တစ်ကြိမ် မဖြစ်စေရကြောင်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ကတိပြု ပြောကြားခဲ့ပါတယ်။



တိုကျိုမြို့ Taito ရပ်ကွက်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ ခိုလှုံရေးစခန်းမှ ဝန်ထမ်းတွေက တိုင်ဖွန်းဟာဂီဘစ် ဂျပန်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်တဲ့ စနေနေ့ (အောက်တိုဘာ ၁၂ ရက်) က စခန်းသို့လာရောက်ခိုလှုံသူ အိမ်ခြေယာမဲ့ အမျိုးသားနှစ်ဦးကို အဆိုပါ ရပ်ကွက်အတွင်း နေရပ်လိပ်စာမရှိတာကြောင့် လက်မခံခဲ့ဘူးလို့ သိရပါတယ်။

(Photo: Getty Images)

ခိုလှုံရေးစခန်းဟာ Taito ရပ်ကွက်မှာ နေထိုင်ကြသူတွေအတွက်သာဖြစ်ကြောင်း ဝန်ထမ်းတွေက ထိုအိမ်ခြေယာမဲ့နှစ်ဦးကို ပြောခဲ့ကြတယ်လို့ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ "လေပြင်းတိုက်ပြီး မိုးလည်းသည်းနေပြီ၊ ကျွန်တော့်ကို သူတို့ ဝင်ခွင့်ပြုစေချင်ခဲ့ပါတယ်" လို့ အသက် ၆၄ နှစ်အရွယ် အိမ်ခြေယာမဲ့ အမျိုးသားက Asahi သတင်းစာကို ပြောပါတယ်။

(Photo: Kyodo)

၎င်းဟာ ခိုလှုံရေးစခန်းကို မနက်ပိုင်းမှာရောက်ရှိလာခဲ့ပြီးနောက် အမည်နဲ့နေရပ်လိပ်စာရေးရန် ဝန်ထမ်းက ပြောခဲ့တယ်လို့ အိမ်ခြေယာမဲ့ အမျိုးသားကဆိုပါတယ်။ အိမ်ခြေယာမဲ့ အမျိုးသားက ၎င်းဟာ ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှဖြစ်ပြီး ထိုနေရာမှ လိပ်စာသာရှိကြောင်း ပြောခဲ့ရာ Taito ရပ်ကွက်မှာ နေထိုင်သူမဟုတ်တာကြောင့် ခိုလှုံရေးစခန်းကို ဝင်ခွင့်မရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ထိုအမျိုးသားဟာ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်နေခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် တစ်ညလုံး အဆောက်အအုံတစ်ခုရဲ့ တံစက်မြိတ်အောက်မှာ ထီးဆောင်းပြီးနေခဲ့ရတယ်လို့ Asahi သတင်းစာက ဖော်ပြပါတယ်။ နောက်ထပ် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဟာလည်း အဆိုပါ ခိုလှုံရေးစခန်းကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာရောက်ရှိလာခဲ့ပေမဲ့ ဝင့်ခွင့်မရဘဲ လှည့်ပြန်ခဲ့ရကြောင်း Asahi က ပြောပါတယ်။

(Photo: AP)

တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ ဂျပန်ကုန်းတွင်းပိုင်း လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၄ မိုင်မှ မိုင် ၁၄၀ အထိ အားကောင်းပြင်းထန်စွာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ရေကြီးမြေပြိုမှုတွေ နေရာဒေသအများအပြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက် ညပိုင်းအထိ သတင်းတွေအရ ဂျပန်မှာ တိုင်ဖွန်းဟာဂီဘစ် တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၇၀ ကျော်အထိ မြင့်တက်လာပြီး အခြား လူဦးရေ တစ်ဒါဇင်ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က