ကယ်ဆယ်ရေးသမား ၁၁၀,၀၀၀ ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။

ဂျပန်နိုင်ငံမှာ တိုင်းဖွန်းဟာဂီဘစ် တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၇၀ ကျော်အထိ မြင့်တက်လာပြီး အခြား လူ ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) အထိ စာရင်းတွေအရ သိရှိရပါတယ်။

(Photo: AP)

မုန်တိုင်းကြောင့် လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ဂျပန်မှာ တိုင်းဖွန်းဟာဂီဘစ် ဖြတ်သန်းတိုက်ခတ်ပြီးနောက် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များနဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများ အပါအဝင် ကယ်ဆယ်ရေးသမား ၁၁၀,၀၀၀ ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။



ကယ်ဆယ်ရေးအဖွဲ့တွေက ရေကြီးမြေပြိုမှုများဖြစ်ပေါ်ကာ ပိတ်မိနေသူတွေထံ ရောက်ရှိနိုင်ရန် ကြိုးပမ်းနေကြပြီး မိုးရွာသွန်းမှုကြောင့် နှောင့်နှေးမှုတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ရဟတ်ယာဉ် အစီးရေ ၁၀၀ ကိုလည်း အသုံးပြုနေကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒါဆူဂါက ပြောပါတယ်။
(Photo: Kyodo)

တိုင်ဖွန်းဟာဂီဘစ်ဟာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၃ ရက်) မနက်ပိုင်းမှာ ဂျပန်ကုန်းတွင်းပိုင်းမှ ရွေ့လျားသွားပြီဖြစ်ပြီး တိုကျိုမြို့တော်နဲ့ ပတ်ဝန်းကျင်နေရာဒေသများအတွင်း မုန်တိုင်းဖြတ်သန်းခဲ့ရာ လမ်းကြောင်းတစ်လျှောက် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုင်ဖွန်းဟာဂီဘစ်ဟာ ဂျပန်ကုန်းတွင်းပိုင်းကို ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၄ မိုင်မှ မိုင် ၁၄၀ အထိ အားကောင်းပြင်းထန်ခဲ့ကာ နှစ်ပေါင်း ၆၀ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းလည်း ဖြစ်ခဲ့ပါတယ်။

(Photo: AFP/Jiji Press)

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုအနက် ၃၆ ခုမှာ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအဘေးက မုန်တိုင်းဒဏ်သင့်ခဲ့သူတွေကို အကူအညီများ ချက်ချင်းပေးရန် ညွန်ကြားထားတယ်လို့ ဆိုပါတယ်။

"ဒေသခံတွေ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက နေ့ရောညပါ ရှာဖွေကယ်ဆယ်ရေး လုပ်နေကြပါတယ်" လို့ အဘေးက ဝန်ကြီးများ အရေးပေါ် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

(Photo: AP)

တိုင်ဖွန်းဟာဂီဘစ် တိုက်ခတ်မှုကြောင့် နေရာဒေသအများအပြားမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပြီး လူဦးရေ ၃၀,၀၀၀ ဟာ လက်ရှိအချိန်အထိ နေအိမ်များမှ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ကြောင်းနဲ့ မုန်တိုင်းဒဏ်သင့် ဒေသခံတွေကို အကူအညီ ချက်ချင်းပေးကြရန်လည်း ဂျပန်ဝန်ကြီးချုပ် ညွန်ကြားခဲ့ပါတယ်။ နေရာအချို့မှာ စစ်တပ်နဲ့မီးသတ်တပ်ဖွဲ့က နေအိမ်ခေါင်မိုးများပေါ်နဲ့ ဝရန်တာတွေမှာ ပိတ်မိသောင်တင်နေသူတွေကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဂျပန်မှာ ယခုထက်ပိုမိုအားကောင်းပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၁၉၅၈ ခုနှစ်က စက်တင်ဘာလအတွင်းက တိုင်းဖွန်းမုန်တိုင်း အိုင်ဒါ (Typhoon Ida) တိုက်ခတ်ခဲ့ဖူးပြီး လူ ၁,၂၆၉ ဦး သေဆုံးခဲ့ကာ ဂျပန်ကိုဝင်ရောက်တိုက်ခတ်တဲ့ လူသေဆုံးမှုအများဆုံး ခြောက်ခုမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


Share

Loading Next Article...
က္က