ဂျပန်ဟာ ဝက်သားထုတ်လုပ်မှု အများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းမှာ နံပါတ် ၁၀ နေရာမှ ရပ်တည်နေပါတယ်။
Ko John

တိုကျိုမြောက်ဘက် Saitama စီရင်စုမှာ ဝက်တုပ်ကွေးဖြစ်ပွားမှု ထိန်းချုပ်ရန်အတွက် ဝက် ၇၅၃ ကောင်ကို ဂျပန်အစိုးရတာဝန်ရှိသူတွေက ရှင်းလင်းသုတ်သင်ခဲ့ကြောင်း Yomiuri သတင်းစာက ယနေ့ (စက်တင်ဘာ ၁၅ ရက်) ဖော်ပြပါတယ်။

(Photo: The Yomiuri Shimbun/Asia News Network)

ဂျပန်အလယ်ပိုင်းသို့ တင်ပို့မယ့်ဝက်တွေမှာ ဝက်တုပ်ကွေးဖြစ်နေကြောင်း စစ်ဆေးသိရှိရပြီးနောက် သုတ်သင်ပစ်ရန် လိုအပ်ခဲ့ကြောင်း Yomiuri က ပြောပါတယ်။ ထို့အတူ ဝက်မွေးမြူရေးခြံနှစ်ခု ဝက်တင်ပို့မှုတွေကိုလည်း ရပ်ဆိုင်းထားရန် Saitama စီရင်စု အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုသတင်းနဲ့ပတ်သက်ပြီး Saitama စီရင်စု အာဏာပိုင်တွေထံမှ မှတ်ချက်ပေးပြောကြားမှု မရှိသေးကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ ဂျပန်မှာ ယမန်နှစ်က နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဝက်တုပ်ကွေးဖြစ်ပွားမှု တွေ့ရှိရကြောင်း အတည်ပြုခဲ့ပါတယ်။ ထိုစဉ်က ဂျပန်အလယ်ပိုင်း Gifu စီရင်စုရှိ မွေးမြူရေးခြံတစ်ခြံမှာ ဝက်တုပ်ကွေးဖြစ်ပွားမှု တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဂျပန်မှာ တွေ့ရှိရတဲ့ ဝက်တုပ်ကွေးဟာ တရုတ်နိုင်ငံမှာ ပျံ့နှံ့ဖြစ်ပွားနေပြီး အသက်အန္တရာယ်ရှိတဲ့ အာဖရိက ဝက်တုပ်ကွေးနဲ့ မျိုးဗီဇချင်း မတူညီဘူးလို့ ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာနက ယမန်နှစ်မှာ ပြောခဲ့ပါတယ်။ ဂျပန်မှာတွေ့ရတဲ့ ဝက်တုပ်ကွေးကို ဝက်ကာလဝမ်းရောဂါလို့လည်း သိထားကြတယ်လို့ ဆိုပါတယ်။

(Photo: Brigada News)

အဆိုပါ ရောဂါဟာ ဝက်နဲ့ တောဝက်တွေမှာ တွေ့ရလေ့ရှိပြီး လူတွေကို ကူးစက်တတ်ခြင်းမရှိကြောင်း သိရပါတယ်။ ဂျပန်ဟာ ဝက်သားထုတ်လုပ်မှု အများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းမှာ နံပါတ် ၁၀ နေရာမှ ရပ်တည်နေပြီး နှစ်စဉ် ယန်းငွေ ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၁ သန်း) တန်ဖိုးရှိ ဝက်သားများ တင်ပို့နေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ဖြစ်တဲ့ ဗီယက်မှာလည်း အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေမှုကို ထိန်းချုပ်ဟန့်တားရန်အတွက် ဝက်အကောင်ရေ ၄.၇ သန်းကို သုတ်သင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။


က္က