ရဲတိုက်ရဲ့ အဓိကအဆောက်အအုံ ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရှူရီရဲတိုက်ကြီးမှာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ရဲတိုက်ရဲ့ ပင်မအဆောက်အအုံနေရာများ မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။

(Photo: AFP)

ရှူရီရဲတိုက်မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် မီးသတ်သမားတွေက ၁၀ နာရီကျော်ကြာ ကြိုးပမ်းခဲ့ရပြီး ယနေ့မွန်းလွဲပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။



ယနေ့မီးလောင်ပျက်စီးသွားတဲ့ ရှူရီရဲတိုက်ကြီးကို သစ်သားများဖြင့် ဆောက်လုပ်ထားပြီး နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီဖြစ်ပါတယ်။ ရှူရီရဲတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း လုံးဝနီးပါး ပျက်စီးခဲ့ဖူးပါတယ်။ ယခုလက်ရှိ ရဲတိုက်အဆောက်အအုံဟာ ပြန်လည်တည်ဆောက်ထားတာဖြစ်ကြာင်းလည်း သိရပါတယ်။

(Photo: Kyodo)

ရှူရီရဲတိုက်ကြီးကို ၁၉၇၀ ပြည့်လွန်နှစ်များအထိ အိုကီနာဝါရဲ့ အကြီးဆုံး အစိုးရတက္ကသိုလ်နယ်မြေအဖြစ် အသုံးပြုခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အဓိက ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရဲတိုက်မီးလောင်မှုဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့ကြောင်းနဲ့ မီးလောင်ရတဲ့အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ မီးလောင်မှုကို မီးသတ်သမား ၁၀၀ ကျော်က ငြှိမ်းသတ်ခဲ့ပြီး လေပြင်းတိုက်မှုကြောင့် အခက်အခဲရှိခဲ့တယ်လို့လည်း သိရပါတယ်။

(Photo: Reuters/Kyodo)

ရှူရီရဲတိုက် မီးလောင်မှုကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ရဲတိုက်ရဲ့ အဓိကအဆောက်အအုံ ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး သုံးလုံးမှာ လုံးဝပြာကျသွားတဲ့အထိ လောင်ကျွမ်းသွားခဲ့ပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ ရှူရီရဲတိုက်ဟာ Ryukyu မင်းဆက်ကာလမှဖြစ်ပြီး အိုကီနာဝါရဲ့မြို့တောျ နာဟာ (Naha) ကို အပေါ်စီးမှမြင်တွေ့ရတဲ့ တောင်တန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရဲတိုက်ပတ်လည်မှာ ကျောက်တုံးနံရံများ ကွေ့ပတ်တည်ဆောက်ထားပါတယ်။ ယခု မီးလောင်ပျက်စီးခဲ့တဲ့ ရှူရီရဲတိုက်ကြီးဟာ Ryukyu မင်းဆက်ကာလမှာလည်း သုံးကြိမ်တိုင်တိုင် မီးလောင်ပျက်စီးခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲမှာလည်း နောက်တစ်ကြိမ် ပျက်စီးခဲ့ဖူးကြောင်း သိရပါတယ်။

(Photo: Jiji Press/AFP via Getty Images)

ရှူရီရဲတိုက်ဟာ အိုကီနာဝါကျွန်းရှိ အကြီးဆုံး သစ်သားအဆောက်အအုံလည်း ဖြစ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ် မီးရှူးတိုင်သယ်ဆောင်ရာမှာလည်း ရှူရီရဲတိုက်မှာ တစ်ထောက်ရပ်နားရန် စီစဉ်ထားကြောင်း BBC သတင်းက ပြောပါတယ်။

"ဒီလိုဖြစ်သွားတာ ကျွန်မတို့ အရမ်းဝမ်းနည်းရပါတယ်၊ ကျွန်မ အရမ်းကို တုန်လှုပ်ခဲ့ရပါတယ်၊ ကျွန်မတို့ရဲ့ သင်္ကေတကို ဆုံးရှုံးခဲ့ရပါတယ်" လို့ နာဟာမြို့တော်ဝန် မစ်ကီကို ရှီရိုမာက သတင်းထောက်တွေကို ပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ ရှူရီရဲတိုက်ကို ၂၀၀၀ ပြည့်နှစ်မှာ ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က