အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကို နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ၎င်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ နုတ်ထွက်တော့မယ်လို့ ယနေ့ (ဩဂုတ် ၂၈ ရက်) အတည်ပြု ကြေညာလိုက်ပါတယ်။

(Photo: Reuters)

ကျန်းမာရေးအခြေအနေဟာ ပြီးခဲ့တဲ့လလယ်ခန့်မှာ ပိုမိုဆိုးရွားလာခဲ့ပြီး ၎င်းရဲ့ နေမကောင်းဖြစ်မှုက အရေးကြီးတဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုမဖြစ်စေလိုဘူးလို့ ဝန်ကြီးချုပ်အဘေးက ပြောပါတယ်။ အဘေးဟာ အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကို နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရပြီး လတ်တလောမှာ အခြေအနေ ပိုဆိုးလာခဲ့တာလည်း ဖြစ်ပါတယ်။



"ကျွန်တော် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ၊ ကျွန်တော့်ကို ပြည်သူတွေ အပ်နှင်းထားတဲ့ အလုပ်ကို လုပ်နိုင်ဖို့အတွက် ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တဲ့အခါ ကျွန်တော် ဝန်ကြီးချုပ် ဆက်မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် ထင်မြင်ယုံကြည်ပါတယ်" အသက် ၆၅ နှစ်အရွယ် အဘေးက ယနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: AFP)

ယခုအခါ ကျန်းမာရေးအခြေအနေအတွက် ကုသမှုအသစ် ခံယူနေခဲ့ရပြီး ထိုကုသမှုအရ ပုံမှန် စောင့်ကြည့်စစ်ဆေးမှု လိုအပ်ခဲ့ရာ ဝန်ကြီးချုပ်တာဝန်တွေ ဆောင်ရွက်ရန် လုံလောက်တဲ့အချိန် မရရှိနိုင်ဘူးလို့လည်း အဘေးက ဆိုပါတယ်။ ဝန်ကြီးချုပ်အဘေးဟာ လတ်တလောမှာ တစ်ပတ်အတွင်း ဆေးရုံနှစ်ရုံသို့ သွားရောက်ခဲ့ရပြီး ၎င်းရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

နိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းနေရစဥ် နိုင်ငံရေးအရ လစ်ဟာမှု မဖြစ်စေရေး ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်အဘေးဟာ ၂၀၀၇ ခုနှစ်မှာလည်း ၎င်းရဲ့ ulcerative colitis ရောဂါကြောင့် ရုတ်တရက် ရာထူးမှ နုတ်ထွက်ခဲ့ဖူးပြီး ထိုရောဂါကို ၎င်း ဆယ်ကျော်သက်အရွယ်ကတည်းက ခံစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။

(ဩဂုတ် ၂၄ ရက်နေ့က Keio တက္ကသိုလ်ဆေးရုံကို အဘေး ရောက်ရှိလာစဥ်) (Photo: Reuters)

"ဂျပန်ပြည်သူတွေဆီကနေ အပြည့်အဝ ထောက်ခံမှုရရှိပေမဲ့ နောက်ထပ် သက်တမ်းတစ်နှစ်တိတိ ကျန်ရှိနေသေးပြီး မူဝါဒအမျိုးမျိုး လုပ်လက်စတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်နေရတုန်းမှာ ကျွန်တော် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်တဲ့အတွက် ရင်ထဲကနေ အလေးအနက် တောင်းပန်ပါတယ်" လို့ အဘေးက ပြောခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ အာဏာရရှိခဲ့တဲ့ အဘေးဟာ ယခု သီတင်းပတ်အစောပိုင်းက ဂျပန်နိုင်ငံရဲ့ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဘေးရဲ့ လက်ရှိ ဝန်ကြီးချုပ်သက်တမ်းဟာ ပုံမှန်အတိုင်းဆိုပါက လာမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိဖြစ်ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

အဘေးဟာ ၎င်းရဲ့ Liberal Democratic Party (LDP) ပါတီက ဆက်ခံသူတစ်ဦး ‌ရွေးချယ်ပြီးချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားမယ်လို့ ခန့်မှန်းရပါတယ်။ အဘေးရဲ့ ပါတီမှ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေက ဝန်ကြီးချုပ်သစ်နေရာအတွက် စက်တင်ဘာလလယ်မှာ မဲပေးရွေးချယ်သွာမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အဘေးရဲ့နေရာကို ဆက်ခံပြီး ဝန်ကြီးချုပ်အသစ် ဖြစ်လာနိုင်သူကို အတိအကျ မသိရသေးဘဲ ဘဏ္ဍာရေးဝန်ကြီး တာရိုအက်ဆို (Taro Aso) နဲ့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါတို့ အပါအဝင် လျာထားသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

.

Share

Loading Next Article...
က္က