LDP ပါတီခေါင်းဆောင်က ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာရန် သေချာသလောက် ဖြစ်ပါတယ်။

ဂျပန်အာဏာရပါတီ Liberal Democratic Party (LDP) က ရှင်ဇိုအဘေးရဲ့ နေရာကိုဆက်ခံရန် ပါတီခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါကို ထောက်ခံလိုက်ကြောင်း သိရပါတယ်။

(ဆူဂါနှင့် ရှင်ဇိုအဘေး) (Photo: AFP)

အာဏာရ LDP ပါတီက ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တာကြောင့် ဆူဂါဟာ ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး နေရာကိုဆက်ခံပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာရန် အလားအလာကောင်းလာခဲ့တယ်လို့ NHK သတင်းဌာနက ယနေ့ (စက်တင်ဘာ ၁ ရက်) ပြောပါတယ်။



LDP ပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာအများစု ရရှိထားတာကြောင့် ပါတီခေါင်းဆောင်က ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာရန် သေချာသလောက် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအဘေးဟာ နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ဩဂုတ် ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

(LDP ခေါင်းဆောင်ဖြစ်လာဖွယ်ရှိသည့် ဆူဂါ) (Photo: Reuters)

လက်ရှိမှာ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ အသက် ၇၁ နှစ်အရွယ် ဆူဂါက ဂျပန်ဝန်ကြီးချုပ်သစ် ရာထူးအတွက် ယှဥ်ပြိုင်သွားမယ်လို့ မကြေညာခဲ့ပေမဲ့ ၎င်းအနေနဲ့ ယှဥ်ပြိုင်ရွေးချယ်ခံရန် ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက Rueters သတင်းဌာနကို ပြောပါတယ်။ LDP ပါတီက ခေါင်းဆောင်သစ်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ယနေ့ အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရာထူးမှ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ရှင်ဇိုအဘေးရဲ့ ကာလရှည်ကြာ လက်ထောက်တစ်ဦးဖြစ်သူ ဆူဂါက LDP ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်သစ် ရာထူးနေရာတို့နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) ညနေမှာ ပြုလုပ်သွားမယ်လို့ Jiji သတင်းဌာနက ပြောပါတယ်။

(Photo: Reuters)

Nippon TV သတင်းဌာကတော့ ဆူဂါဟာ "အဘေးနိုမစ် (Abenomics)" လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်ရေး အဘေးရဲ့ မူဝါဒများကို ဆက်လက် ဆောင်ရွက်သွားရန် ကတိပြုသွားလိမ့်မယ်လို့ ဆိုပါတယ်။ ထို့အတူ ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေနဲ့ စီးပွားရေးလုပ်ကိုင်နိုင်မှု နှစ်ခုလုံးကို အလေးထားတဲ့ ဂျပန်အစိုးရရဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ Nippon TV သတင်းက ဖော်ပြပါတယ်။

အဘေးဟာ ၎င်းရဲ့ Liberal Democratic Party (LDP) ပါတီက ဆက်ခံသူတစ်ဦး ‌ရွေးချယ်ပြီးချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားမယ်လို့ ခန့်မှန်းရပါတယ်။ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းအရ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ဖူမီအိုကီရှီဒါက ဝန်ကြီးချုပ်အဘေး နေရာကိုဆက်ခံရန် ပါဝင်ယှဥ်ပြိုင်သွားမယ်လို့ ယနေ့ တရားဝင် ကြေညာလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ယှဥ်ပြိုင်ရွေးချယ်ခံမယ့် နောက်ထပ်တစ်ဦးမှာ ကာကွယ်ရေးဝန်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ် ရှီဂါရူအိုင်ရှီဘာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်သစ် နေရာအတွက် ဆူဂါ၊ အိုကီရှီဒါနဲ့ အိုင်ရှီဘာတို့က ထိပ်ဆုံးမှ ဦးဆောင်နေကြပြီး ဆူဂါကို အာဏာရ LDP ပါတီက ခေါင်းဆောင်အဖြစ် ထောက်ခံကြောင်း သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အာဏာရ LDP ပါတီက ခေါင်းဆောင်သစ် မဲခွဲရွေးချယ်မှုကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က