မုန်တိုင်းဟာ အမေရိကန်ကုန်းတွင်းပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက် အစောပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။
Ko John

အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်မှုနဲ့ မုန်တိုင်းဒီရေတက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ လူဦးရေ သန်းတစ်ဝက်ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ရပါတယ်။

(Photo: Reuters)

Sally ဟာ ပြင်းအားအဆင့် ၂ (Cateogry 2) ဟာရီကိန်းမုန်တိုင်းအဖြစ် အမေရိကန်ကုန်းတွင်းပိုင်း ဗုဒ္ဓဟူး‌နေ့ (စက်တင်ဘာ ၁၆ ရက်) မှာ ဝင်ရောက်ခဲ့ပါတယ်။ သို့သော် မုန်တိုင်းဟာ နှေးကွေးစွာ ရွေ့လျားနေပြီး ဖလော်ရီဒါနဲ့ အလာဘားမားပြည်နယ်တွေကို ဆက်လက် ဖြတ်သန်းတိုက်ခတ်နေပါတယ်။ ဟာရီကိန်း Sally ကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ရေကြီးနေတဲ့ နေရာများမှ လူဦးရေ ရာနဲ့ချီပြီး ကယ်ဆယ်ခဲ့ရပါတယ်။

ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာမြို့ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲရတယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါ Panhandle နဲ့ အလာဘားမားတောင်ပိုင်းရဲ့ နေရာတွေမှာ အဖျက်စွမ်းအားကြီးပြီး အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်လို့ National Hurricane Center (NHC) က ပြောပါတယ်။

(Photo: NY Times)

ဟာရီကိန်း Sally တိုက်ခတ်မှုကြောင့် ပင်ဆာကိုလာမြို့မှာ လေးလစာ မိုးရေချိန် ရွာသွန်းမှုကို လေးနာရီအတွင်း ကြုံခဲ့ရကြောင်း အဆိုပါမြို့ရဲ့ မီးသတ်ဌာအကြီးအကဲ Ginny Cranor က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်စဥ် အလားဘားမားပြည်နယ် Orange Beach မြို့မှာ လူတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။

ဟာရီကိန်း Sally ဟာ အမေရိကန်ပင်လယ်ကွေ့ ကမ်းခြေတွေကို ဒေသစံတော်ချိန် ယမန်နေ့ မနက် ၄ နာရီ ၄၅ မိနစ်မှာ ကုန်းတွင်းမုန်တိုင်းအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ မိုင်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မုန်တိုင်းဟာ နောက်ပိုင်းမှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်သို့ အားလျော့သွားခဲ့ကြောင်း၊ သို့သော် မိုးသည်းထန်မှုနဲ့ မြင့်မားတဲ့ မုန်တိုင်းဒီရေတက်ရောက်မှုတွေကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Reuters)

မုန်တိုင်းဟာ ကမ်းရိုးတန်းမှ မြောက်ဘက်သို့ ရွေ့သွားခဲ့စဥ် ယမန်နေ့ညပိုင်းအထိ ဒေသခံ ၅၅၀,၀၀၀ ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ရတယ်လို့ ဆိုပါတယ်။ ဟာရီကိန်း Sally တိုက်ခတ်မှုကြောင့် နေရာအများအပြားမှာ မိုးရေချိန် ၁၈ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာမြို့လယ်မှာ အနက် ၅ ပေအထိရှိတဲ့ ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ယခုနှစ် မုန်တိုင်းရာသီမှာ အတ္တလန်တစ်သမုဒ္ဒရာအတွင်း Sally မတိုင်မီ Paulette, Renee, Teddy နဲ့ Vicky အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း BBC သတင်းက ဖော်ပြပါတယ်။ 

.


Author


က္က