အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေများ တက်ရောက်နိုင်ပါတယ်။

ပြင်းအားအဆင့်အမြင့်ဆုံး Category 5 မုန်တိုင်းအဖြစ် ဘဟားမားစ်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ချဉ်းကပ်လာမှုကြောင့် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေများ တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(အာကာသမှ ရိုက်ကူးထားသည့် ဟာရီကိန်းဒိုရီယန် ပုံရိပ်) (Photo: NASA)

ဟာရီကိန်းမုန်တိုင်း အန္တရာယ်ကြောင့် ဖလော်ရီဒါပြည်နယ်မှ ဗာဂျီနီးယားပြည်နယ်တစ်လျှောက် မုန်တိုင်းလမ်းဖြတ်သန်းနိုင်တဲ့ နေရာများမှ ဒေသခံတွေကို အရေးပေါ် အကြံပြုချက်တွေကို နားထောင်ကြရန် သတိပေးထားပါတယ်။ ဟာရီကိန်ဒိုရီယန် (Hurricane Dorian) ဟာ ဘဟားမားစ်မှာ တိုက်ခတ်ခဲ့စဉ် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် အားလျော့သွားခဲ့ကာ အမေရိကန်ကို ဦးတည်ရွေ့လျားနေခဲ့ပါတယ်။



လက်ရှိမှာ ဟာရီကိန်ဒိုရီယန်ဟာ ပြင်းအားအဆင့် ၃ (Category 3) မုန်တိုင်းအဖြစ် အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ချာလက်စတန်မြို့ရဲ့ တောင်ဘက် မိုင် ၁၃၀ အကွာ အတ္တလန်တိတ်သမုဒ္ဒရာမှာ တိုက်ခတ်နေကြောင်း CNN သတင်းက ဖော်ပြပါတယ်။ မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ ယမန်နေ့ (စက်တင်ဘာ ၄ ရက်) မှာ တစ်နာရီလျှင် မိုင် ၁၁၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

(ဟာရီကိန်းမုန်တိုင်းအတွက် ပြင်ဆင်နေစဉ်) (Photo: Randall Hill/Reuters)

မုန်တိုင်းကြောင့် ကာရိုလိုင်းနားကမ်းရိုးတန်းမှာ မိုးသည်းထန်စွာ အချိန်ကြာရှည် ရွာသွန်းနေနိုင်ကြောင်း National Hurricane Center (NHC) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းဒိုရီယန်ကြောင့် အမြင့် ၁၀ ပေကျော်တဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။

ဟာရီကန်းဒိုရီယန်ရဲ့ ပြင်းအား သို့မဟုတ် အရွယ်အစားဟာ လက်ရှိမှာ အပြောင်းအလဲ သိပ်မရှိဘဲ Category 2 မုန်တိုင်းအဖြစ် ကမ်းရိုးတန်းသို့ဦးတည်ကာ တစ်နာရီလျှင် ၈ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း NHC က ပြောပါတယ်။ မုန်တိုင်းဟာ ကာရိုလိုင်းနား ကမ်းရိုးတစ်လျှောက် သောကြာနေ့ (စက်တင်ဘာ ၆ ရက်) မှာ ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

(ဟာရီကိန်ဒိုရီယန် လမ်းကြောင်းပြမြေပုံ) (Map: NOAA)

ဟာရီကိန်းဒိုရီယန် တိုက်ခတ်မှုကြောင့် ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှ Chesapeake ပင်လယ်အော်အထိ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်း NHC က သတိပေးထားပါတယ်။ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် သမ္မတထရန့်က ပိုလန်နိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းအစား ဒုတိယသမ္မတ မိုက်ပင့်စ်ကို စေလွှတ်လိုက်ကြောင်းလည်း သိရပါတယ်။

(ဘဟားမားစ်မှာ ပျက်စီးခဲ့မှုမြင်ကွင်းတစ်ခု) (Photo: Scott Olson/Getty Images)

အလွန်အန္တရာယ်ရှိတဲ့ ဟာရီကိန်းဒိုရီယန်ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ဘဟားမားစ်ကို ဝင်ရောက်တိုက်ခတ်စဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်အထိ ပြင်းထန်အားကောင်းခဲ့ကြောင်းလည်း သိရပါတယ်။ ဘဟားမားစ်ဝန်ကြီးချုပ် ဟူဘတ်မင်နစ်က ဟာရီကိန်းမုန်တိုင်း ဒိုရီယန် တိုက်ခတ်မှုဟာ နိုင်ငံအတွက် သမိုင်းတွင်ဖြစ်ရပ်ဆိုးတစ်ခုလို့ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က