ဟာရီကိန်းဒိုရီယန်ဟာ ဘဟားမားစ်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်ဖြင့် တိုက်ခတ်ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း ပြင်းအားအမြင့်ဆုံးဖြင့် ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဘဟားမားစ်နိုင်ငံမှာ သေဆုံးသူအရေအတွက် ယမန်နေ့ (စက်တင်ဘာ ၆ ရက်) အထိ ၄၃ ဦးသို့ မြင့်တက်လာခဲ့ပြီး နောက်ထပ် သိသာစွာ မြင့်တက်လာနိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက ဒေသခံမီဒီယာကို ပြောထားပါတယ်။

(မုန်တိုင်းကြောင့် အဘာကိုကမ်းခြေ အပန်းဖြေစခန်း ပျက်စီးနေမှု) (Photo: Reuters)

ဟာရီကိန်းဒိုရီယန် တိုက်ခတ်မှုကြောင့် အကြီးအကျယ် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ အဘာကိုကျွန်းစုမှ ဒေသခံ ၂၆၀ ကျော်ဟာ ဘဟားမားစ်မြို့တော် Nassau မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာခဲ့ပါတယ်။ ၎င်းတို့ကို အစိုးရက ကူးတို့သင်္ဘောဖြင့် ခုနစ်နာရီကျော်ကြာ ခုတ်မောင်းကာ ခေါ်ဆောင်လာခဲ့ရပါတယ်။



အဘာကိုကျွန်းစုမှ ရွှေ့ပြောင်းလာရသူ နောက်ထပ်တစ်သုတ်ကတော့ ယနေ့ညပိုင်းမှာ Nassau မြို့ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘဟားမားစ်မှာ ဟာရီကိန်းမုန်တိုင်း ဒိုရီယန် (Hurricane Dorian) တိုက်ခတ်မှုကြောင့် ယမန်နေ့အထိ စာရင်းများအရ သေဆုံးခဲ့သူ ၄၃ ဦးအနက် ၃၅ ဦးဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ အဘာကိုကျွန်းစုမှဖြစ်ပြီး နောက်ထပ်ရှစ်ဦးကတော့ ဂရင်းဘမားမားကျွန်းမှ ဖြစ်ပါတယ်။

(အဘာကိုကျွန်းစုမှ ရွှေ့ပြောင်းလာသည့် ဒေသခံများ) (Photo: Reuters)

မုန်တိုင်းတိုက်ခတ်ပြီးနောက် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် သိသာစွာ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ဘဟားမားစ်ဝန်ကြီးချုပ် ဟူဘတ်မင်နစ်ရဲ့ ပြောခွင့်ရအမျိုးသမီး အဲရစ်ကာဝဲလ်စ်ကော့စ်က NBC News သတင်းဌာနကို ပြောပါတယ်။

အဘာကိုကျွန်းစုနဲ့ ဘဟားမားစ်ကျွန်းရှိ လူဦးရေ ၇၀,၀၀၀ ထက်မနည်း အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရပါတယ်။ ဟာရီကိန်းဒိုရီယန်ဟာ ဘဟားမားစ်နိုင်ငံကို ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်ဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။
(ဘဟားမားစ်မှာ အပျက်အစီးများ ဖြစ်ပေါ်ခဲ့မှု) (Photo: Reuters)

ဒိုရီယန်ဟာ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်စဉ် အားအကောင်းဆုံး ဟာရီကိန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘဟားမားစ်နိုင်ငံမှာ နှစ်ရက်ကြာ တိုက်ခတ်နေခဲ့ပါတယ်။ ဘဟားမားစ်မှာ တိုက်ခတ်ခဲ့ပြီးနောက် ဟာရီကိန်းဒိုရီယန်ဟာ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီမှာ မြောက်ကာရိုလိုင်းနားပြည်နယ် Hatteras အငူ (Cape Hatteras) မှတစ်ဆင့် ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ ဖြင့် ဝင်ရောက်ခဲ့ပါတယ်။

သို့သော် ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာတော့ မုန်တိုင်းမျက်စိဟာ Hatteras အငူမှ အရှေ့မြောက်ဘက်သို့ မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်သို့ ပြန်လည် ရွေ့လျားသွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မြောက်ကာရိုလိုင်းနားပြည်နယ် Ocracoke ကျွန်းမှာ မုန်တိုင်းဒီရေများ တက်ရောက်ခဲ့ပြီး လူဦးရေ ၈၀၀ ပိတ်မိနေခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွိုင်းကူးပါးက ပြောပါတယ်။

(မုန်တိုင်းကြောင့် ဘဟားမားစ်မှာ ပျက်စီးမှုမြင်ကွင်း) (Photo: Reuters)

ဒေသဆိုင်ရာ မိုးလေဝသဌာန တာဝန်ရှိသူတွေက Ocracoke ကျွန်းမှာ မုန်တိုင်းဒီရေကြောင့် အကြီးအကျယ် ရေလွှမ်းမိုးနေတဲ့ ဗီဒီယိုကို အွန်လိုင်းမှာလွှင့်တင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဒိုရီယန်ဟာ ပြင်းအားအဆင့် ၁ (Category 1) ဟာရီကန်းမုန်တိုင်းအဖြစ် ပင်လယ်ပြင်မှာ တိုက်ခတ်နေပြီး အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၁၇ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိရပါတယ်။ ဟာရီကန်းဒိုရီယန်ဟာ ယနေ့ (စက်တင်ဘာ ၇ ရက်) မှာ ကုန်းတွင်းပိုင်းကို နောက်ထပ် ဝင်ရောက်မှုအဖြစ် ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်ကို ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။


Share

Loading Next Article...
က္က