အသေးဆုံး ကြက်ဥဘဲဥအရွယ်မှ အကြီးဆုံး ဘောလုံးအရွယ်အထိရှိပါတယ်။
Ko John

ဖင်လန်နိုင်ငံရှိ ကမ်းခြေတစ်ခုမှာ ရှားပါးတဲ့ ရာသီဥတုဖြစ်စဥ်ကြောင့် ထောင်နဲ့ချီတဲ့ ကြက်ဥဘဲဥပုံစံ ရေခဲများ ဖုံးလွှမ်းနေတာကို ဒေသခံတွေ တွေ့ခဲ့ကြရပါတယ်။

(ဖင်လန်ကမ်းခြေမှာတွေ့ရသည့် ဥပုံစံ ရေခဲများ) (Photo: Risto Mattila)

ရေခဲဥတွေကို တွေ့ခဲ့ကြရသူတွေအနက် အပျော်တမ်းဓာတ်ပုံဆရာ ရစ်တိုမတ်တီလာလည်း ပါဝင်ခဲ့ပြီး ၎င်းက ထူးခြားအံ့ဩစရာ ထိုမြင်ကွင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါ ရေခဲဥတွေကို ဖင်လန်နဲ့ ဆွီဒင် နှစ်နိုင်ငံကြား ဘော့သ်နီယားပင်လယ်ကွေ့ရှိ Hailuoto ကျွန်း ကမ်းခြေမှာ တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သေးငယ်တဲ့ ရေခဲအပိုင်းအစတွေဟာ လေနဲ့ရေကြောင့် လိမ့်လာခဲ့တဲ့ ရှားပါးဖြစ်စဥ်အရ လုံးဝန်းတဲ့ပုံစံ ရေခဲများဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ရေခဲဥတွေကို တွေ့ရတဲ့ ကမ်းခြေအနီး Oulu မြို့မှနေထိုင်တဲ့ ဓာတ်ပုံဆရာ မတ်တီလာက ယခုကဲ့သို့ တစ်ခါမျှ မမြင်ခဲ့ဖူးကြောင်း BBC သတင်းဌာနကို ပြောပါတယ်။

(Map: BBC)

"ကျွန်တော်က ကျွန်တော့်ဇနီးနဲ့အတူ Marjaniemi ကမ်းခြေကိုရောက်နေခဲ့တယ်၊ ရာသီဥတုက အနုတ်တစ်ဒီဂရီဆဲလ်စီးယ်ရှိပြီး နေသာ လေတိုက်တဲ့ နေ့တစ်နေ့ပဲ၊ အဲဒီမှာ ဒီထူးခြားဖြစ်စဥ်ကို တွေ့ရတာပဲ၊ ကမ်ခြေတစ်လျှောက် ရေစပ်နားမှာ ရေခဲတွေကို ဥပုံစံမျိုးတွေခဲ့ရတယ်" လို့ ၎င်းကဆိုပါတယ်။ အဆိုပါ ရေခဲဥတွေဟာ ကမ်းခြေရဲ့ ပေ ၁၀၀ ခန့် ဧရိယာမှာ ဖုံးလွှမ်းနေခဲ့ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) က ကမ်းခြေမှာတွေ့ရတဲ့ ရေခဲတွေရဲ့ အရွယ်အစားဟာ အသေးဆုံး ကြက်ဥဘဲဥအရွယ်မှ အကြီးဆုံး ဘောလုံးအရွယ်အထိ ဖြစ်တယ်လို့လည်း မတ်တီလာက ပြောပါတယ်။ "ဒီအနီးအနားမှာ ကျွန်တော်နေလာခဲ့တဲ့ ၂၅ နှစ်ထဲမှာ ဒါမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး၊ အံ့ဩစရာ မြင်ကွင်းတစ်ခုပါပဲ" လို့ ၎င်းကဆိုပါတယ်။

(၂၀၁၆ ခုနှစ်က ဆိုက်ဘီးရီးယားမှာတွေ့ရသည့် ရေခဲနဲ့နှင်းလုံးများ) (Photo: Sergei Bychenkov)

ယခုဖြစ်စဥ်နဲ့ဆင်တူတဲ့ ဖြစ်စဥ်မျိုးကို ၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံ ဆိုက်ဘီးရီးယားဒေသမှာ မြင်တွေ့ခဲ့ရဖူးပါတယ်။ ထိုစဥ်က ကမ်းရိုးတန်းတစ်လျှောက် ၁၁ မိုင်ခန့်မှာ ကြီးမားတဲ့ ဘောလုံးပုံစံ ရေခဲနဲ့ နှင်းများ ဖုံးလွှမ်းနေခဲ့ပြီး အရွယ်အစားမှာ အသေးဆုံး တင်းနစ်ဘောလုံးအရွယ်မှ အကြီးဆုံးမှာ အချင်းသုံးပေနီးပါအထိရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က