ယခုနှစ်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် သမိုင်းတစ်လျှောက် အများဆုံးဖြစ်ပါတယ်။

ဟောင်ကောင်မှာပြုလုပ်တဲ့ ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး အတိုက်အခံ ကိုယ်စားလှယ်လောင်း အများအပြား အနိုင်ရခဲ့ကြပါတယ်။

(အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ အောင်ပွဲခံနေစဥ်) (Photo: Philip FONG/AFP)

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၄ ရက်) ရွေးကောက်ပွဲရဲ့ ခရိုင်ကောင်စီဝင် ၄၅၂ နေရာအနက် ၃၉၀ နေရာမှာ ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင်အစိုးရ အတိုက်အခံ ကိုယ်စားလှယ်လောင်း ၃၉၀ က အနိုင်ရခဲ့ပြီး ၉၀ ရာခိုင်နှုန်းနီးပါးလည်း ဖြစ်ပါတယ်။ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်တဲ့ ရလဒ်များအရ ကျန်ရှိတဲ့ ခရိုင်ကောင်စီဝင် နေရာတွေကို တရုတ်အစိုးရကိုလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်‌လောင်းတွေက အနိုင်ရရှိပြီး ရွေးကောက်ခံရကြောင်း သိရပါတယ်။



ခရိုင် ၁၈ ခုမှာ စုစုပေါင်း ကောင်စီဝင်အရေအတွက် ၄၅၂ ဦးကို မဲပေးရွေးချယ်ကြတဲ့ ယခုရွေးကောက်ပွဲကို ယခင်က စိတ်ဝင်စားမှုနည်းပါးခဲ့ကြသော်လည်း ခြောက်လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဟောင်ကောင်ဒေသခံတွေက အလေးထားလာခဲ့ကြပါတယ်။

(ခရိုင်ကောင်စီရွေးကောက်ပွဲ မဲပေးကြသူများ) (Photo: May Tse)

ယမန်နေ့ ရွေးကောက်ပွဲကို လာရောက်မဲပေးသူ အရေအတွက်ဟာလည်း ၁၉၉၇ ခုနှစ်မှာ ဗြိတိန်က ပြန်လည်လွှဲပြောင်းခဲ့ပြီးနောက်ပိုင်း စတင်ပြုလုပ်ခဲ့တဲ့ ခရိုင်ကောင်စီရွေးကောက်ပွဲသမိုင်းတစ်လျှောက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မှုအရ မဲစာရင်းမှာပါဝင်သူ ၄.၁၃ သန်းအနက် ၇၁ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေ ၂.၉ သန်းအထိ မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်က ခရိုင်ကောင်စီရွေးကောက်ပွဲမှာတော့ ၄၇ ရာခိုင်နှုန်းကသာ မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

(ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် မဲပေးစဥ်) (Photo: AFP)

ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လနဲ့ချီကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့ပြီးနောက် ယခုနှစ် ခရိုင်ကောင်စီရွေးကောက်ပွဲဟာ အုပ်ချုပ်ရေးမှူးကာရီလမ်အတွက် သူမကို လူထုထောက်ခံမှု အခြေအနေ စမ်းသပ်မှုတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြအုပ်စုတွေက ခရိုင်ကောင်စီရွေးကောက်ပွဲ ဆန္ဒမဲပေးမှုဟာ တရုတ်အစိုးရကို သတင်းစကားပါးမှုတစ်ခု ဖြစ်လိုကြပါတယ်။

ခရိုင်ကောင်စီရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သူမရဲ့အစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့အသံကို တလေးတစား နားထောင်မယ်လို့ ပြောခဲ့ပါတယ်။ ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့နေခဲ့ပါတယ်။

(ဒီမိုကရေစီလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံသူများ) (Photo: Reuters)

ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



Share

Loading Next Article...
က္က