ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ အထူးအခွင့်အရေးတွေကို စတင်ရုပ်သိမ်းသွားတော့မှာပါ။

ဟောင်ကောင်ကိုပေးထားတဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ အထူးအခွင့်အရေးတွေကို စတင်ရုပ်သိမ်းသွားတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်ပါတယ်။

(တရုတ်ပြည်သူ့ကွန်ဂရက်သတင်းကို ဟောင်ကောင်မှာ ရုပ်သံထုတ်လွှင်မှု)(Photo: AFP)

ထို့အတူ တရုတ်ကျောင်းသူ/သား အချို့ကိုလည်း အမေရိကန်တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ပိတ်ပင်ကြောင်းလည်း သိရပါတယ်။ တရုတ်အစိုးရက ဟောင်ကောင်ကို ထိန်းချုပ်ရန် အားထုတ်ကြိုးပမ်းတဲ့ လုပ်ဆောင်မှုအပေါ် အမေရိကန်က တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။



တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေပြဌာန်းမှုနဲ့ ပတ်သက်ပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေးကို အမေရိကန်နဲ့ ဗြိတိန်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြခဲ့ကြရာ ထိုကိစ္စကို ကုလသမဂ္ဂမှာ ဆွေးနွေးစရာမလိုကြောင်း တရုတ်ဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ တရုတ်က ဟောင်ကောင်မှာ လုံခြုံရေးဥပဒေပြဌာန်းမှုဟာ ဖြစ်ရပ်ဆိုးတစ်ခုအဖြစ် သမ္မတထရန့်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: The Guardian)

တရုတ်အစိုးရကလည်း ဟောင်ကောင်အရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အမေရိကန် အပါအဝင် အနောက်အုပ်စုကို ပြောကြားထားပါတယ်။ တရုတ်အစိုးရရဲ့ လုံခြုံရေးဥပဒေသစ်က ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်မှုကို လျှော့ချမှာဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တိုးတက်ဖြစ်ထွန်းမှုကို လျော့ပါစေကြောင်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့က ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနဲ့ တရုတ်ပြည်သူ့ကွန်ဂရက်က အတည်ပြုခဲ့တဲ့ ဟောင်ကောင်လုံခြုံရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုရှိလာပါက လိုအပ်တဲ့ တန်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရအမျိုးသား Zhao Lijian က မေ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

(လုံခြုံရေးဥပဒေသစ်ကို ထောက်ခံကြတဲ့ ဟောင်ကောင်ဒေသခံများ)(Photo: AFP)

ထိုအခြေအနေတွေအရ တရုတ်နဲ့အမေရိကန်တို့ကြား ဆက်ဆံရေးတင်းမာမှုတွေနဲ့ အပြန်အလှန် တန်ပြန်မှုတွေ ရှိလာနိုင်ခြေ ပိုမိုမြင့်တက်လာပါတယ်။ လတ်တလော သီတင်းပတ်အတွင်း တရုတ်နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုမှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်မယ့်ဥပဒေမူကြမ်းနဲ့ လုံခြုံရေးဥပဒေမူကြမ်းတို့ကို အတည်ပြုရန် စီစဥ်လာခဲ့ရာ ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီး နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အထူးအခွင့်အရေး

ဟောင်ကောင်ဟာ တရုတ်ထံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ မဟုတ်တော့ကြောင်းနဲ့ အမေရိကန်ဥပဒေအရ ဟောင်ကောင်အတွက် အထူးအခွင့်အရေး ရရှိတော့မှာ မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက ကွန်ဂရက်လွှတ်တော်ကို မေ ၂၇ ရက်နေ့မှာ တရားဝင် ကြေညာပြောကြားခဲ့ပါတယ်။

(လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြစဥ်)(Photo: AFP)

အမေရိကန်အစိုးရက ဟောင်ကောင်ကို တရုတ်ထံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပြီး အမေရိကန်ဥပဒေအရ ဟောင်ကောင်အတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ ပေးထားခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံသို့ လွှဲပြောင်းပေးခဲ့ချိန်မှစပြီး ထိုသို့ အထူးအခွင့်အရေး ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

အထူးအခွင့်အရေး ရုပ်သိမ်းလိုက်ခြင်းက ဟောင်ကောင်နဲ့ အမေရိကန်တို့ကြား ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကုန်သွယ်ရေးကို ထိခိုက်စေမှာဖြစ်ပြီး အနာဂတ်မှာ ဟောင်ကောင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို တားမြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်လာပါက ဟောင်ကောင်ကို ကြားခံထားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ လုပ်ငန်းများဆောင်ရွက်နေတဲ့ တရုတ်ပြည်မကြီးကိုလည်း ထိခိုက်စေမယ်လို့ ဆိုပါတယ်။

(တရုတ်သမ္မတ ရှီကျင့်ဖျင်)(Photo: AFP)

တရုတ်ပြည်မကြီးမှ ကုမ္ပဏီနဲ့ နိုင်ငံပေါင်းစုံမှ စီးပွားရေးလုပ်ငန်းတွေက ဟောင်ကောင်ကို နိုင်ငံတကာနဲ့ ဒေသတွင်း အခြေစိုက်နေရာအဖြစ် အသုံးပြုကြတာလည်း ဖြစ်နေပါတယ်။ လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

Source: The Guardian, AFP

Share

Loading Next Article...
က္က