ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဟောင်ကောင်မှာ ရဲအရာရှိတစ်ဦးက မျက်နှာဖုံးတပ် ဆန္ဒပြသူတစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်နေတဲ့ မှတ်တမ်းဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။



(ရဲအရာရှိက ဆန္ဒပြသူကို သေနတ်ဖြင့်ချိန်ရွယ်ထားစဥ်) (Screengrab: Galileo Cheng/Twitter)

ယနေ့ (နိုဝင်ဘာ ၁၁ ရက်) မနက်ပိုင်း အသွားအလာ များပြားနေချိန်အတွင်း ရဲအရာရှိက ဆန္ဒပြသူကို ပစ်ခတ်လိုက်တဲ့ ဗီဒီယိုတစ်ခု Facebook မှာ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် မျက်နှာဖုံးတပ် ဆန္ဒပြသူရဲ့ရင်ဘတ်ပိုင်းမှာ အနည်းဆုံး တစ်ချက်ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။



ယနေ့ဖြစ်ရပ်ဟာ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ဆန္ဒပြကျောင်းသားတစ်ဦး ဆေးရုံမှာသေဆုံးခဲ့မှုကြောင့် ဒေါသတကြီး တုံ့ပြန်မှုတွေရှိနေတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေကြား ပိုမိုဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာစီးပွားရေး အချက်အချာဖြစ်တဲ့ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ ငါးလကျော်ကြာပြီဖြစ်ပြီး ကသောင်းကနင်း အခြေအနေတွေနဲ့တူ ၎င်းရဲ့ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်။
(ရဲအရာရှိက ဆန္ဒပြသူကို ပစ်ခတ်ခဲ့စဥ်) (Screengrab: Galileo Cheng/Twitter)

ယနေ့ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုအရ လမ်းဆုံလမ်းခွ မီးပွိုင့်နေရာရှိ လူကူးမျဥ်းကြားတစ်ခုကို ဖြတ်ကူးလာတဲ့ ဆန္ဒပြသူတစ်ဦးအား ရဲတပ်ဖွဲ့အရာရှိက တားဆီးဖမ်းချုပ်ခဲ့စဥ် ၎င်းအနီးသို့ ချဥ်းကပ်လာပြီး သေနတ်ကိုလုယူဟန်ရှိတဲ့ နောက်ထပ် ဆန္ဒပြသူကို အနီးကပ် ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။ ထိုသို့ ပစ်ခတ်ပြီးနောက် အခြား ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် နောက်ထပ် အနည်းဆုံး သေနတ်သံနှစ်ချက်ကိုလည်း ကြားခဲ့ရပါတယ်။ နောက်ထပ် ပစ်ခတ်မှုကတော့ တစ်စုံတစ်ဦးကို ထိမှန်ခဲ့ခြင်းရှိ မရှိ ဗီဒီယိုမှာ ရှင်းရှင်းလင်းလင်း မတွေ့ရပါဘူး။

ပထမ ပစ်ခတ်ခံရတဲ့ ဆန္ဒပြသူရဲ့ အခြေအနေကို လတ်တလော မသိရသေးကြောင်း BBC က ပြောပါတယ်။ ပစ်ခတ်ခံရပြီး လဲကျနေသူအနီးမှာတော့ သွေးကွက်ကိုမြင်တွေ့ရပါတယ်။ ထိုဖြစ်ရပ်အပြီးမှာ ရဲတပ်ဖွဲ့က လူနှစ်ဦးကို ဖမ်းဆီးထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ယနေ့မနက်ပိုင်းမှာ လမ်းမတွေကို အတားအဆီးများချကာ ပိတ်ဆို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယနေ့မှာပင် လူတစ်ဦးရဲ့ကိုယ်ပေါ်ကို မီးလောင်လွယ်တဲ့ အရည်တစ်မျိုးမျိုး လောင်းချလိုက်ပြီး မီးရှို့ခဲ့တဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့တာ တွေ့ရပါသေးတယ်။

(ပစ်ခတ်ခံရပြီး လဲကျနေသူနှင့် ဖမ်းဆီးခံရသူတစ်ဦး) (Photo: Cupid News/AFP via Getty Images)


ယခုဖြစ်ရပ်ဟာ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က တတိယအကြိမ် ကျည်ဆန်အစစ်ဖြင့် ဆန္ဒပြသူကို ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့ပါတယ်။

လနဲ့ချီကြာတဲ့ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပါတယ်။ သို့သော် ဟောင်ကောင်အစိုးရကို ဆန္ဒပြမှုတွေကတော့ ဆက်လက်ရှိနေခဲ့ပြီး အဓိကရုဏ်းများ၊ အတိုက်အခံ နိုင်ငံရေးသမားနဲ့ တရုတ်အစိုးရလိုလားတဲ့ လွှတ်တော်အမတ်တစ်ဦး တိုက်ခိုက်ခံရမှုများ လတ်တလော ဖြစ်ပွားခဲ့ပါတယ်။
(ရဲတပ်ဖွဲ့က ဆန္ဒပြသူနှစ်ဦးကို ဖမ်းဆီးထားစဥ်) (Screengrab: Galileo Cheng/Twitter)

ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။ လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က