တက္ကသိုလ်ကျောင်းသူကျောင်းသား ၁,၀၀၀ ခန့်က မျက်နှာဖုံးများတပ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
Ko John

ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းသူကျောင်းသား ၁,၀၀၀ ခန့်က မျက်နှာဖုံးများတပ်ဆင်ကာ တက်ရောက်ခဲ့ပြီး အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

(Photo: Stand News)

ဟောင်ကောင်အစိုးရက မျက်နှာဖုံးမတပ်ဆင်ရ အမိန့်ထုတ်ပြန်ထားမှုကို ဖီဆန်လျက် ဘွဲ့ယူကျောင်းသူကျောင်းသားတွေက ဘွဲ့နှင်းသဘင်အခမ်းအနား မစတင်မီ တက္ကသိုလ်ဝင်းအတွင်း စုရုံးချီတက်ကာ ကြွေးကြော်သံများအော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသူကျောင်းသားအချို့က ဟောင်ကောင်လွတ်လပ်ရေးအတွက် တော်လှန်ရေးဆင်နွှဲကြရန် လှုံ့ဆော်ထားတဲ့ စာတန်းတွေကိုင်ဆောင်ထားတာ တွေ့ရပါတယ်။ ဘွဲ့ဝတ်စုံဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားအများစုက မြေအောက်ရထားဘူတာရုံတစ်ခုကနေ ဘွဲ့နှင်းသဘင်ကျင်းပရာနေရာသို့ ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ပြီး စုရုံးချီတက်ခဲ့ကြပါတယ်။

(Photo: @cuhkinfo/Facebook)

၎င်းတို့က တက္ကသိုလ်ကျောင်းသူကျောင်းသားများ မဲပေးပိုင်ခွင့်အပါအဝင် ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ငါးချက်ကို တုံ့ပြန်ဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ "အရေးအကြီးဆုံးက တောင်းဆိုချက်ငါးချက်ကို တစ်ခုမကျန် ကျွန်တော်အားလုံး မမေ့ဘူးဆိုတာပဲ၊ ကျွန်တော်တို့ ခြေကုန်လက်ပန်းကျနေပေမဲ့ အရှုံးမပေးသင့်ဘူး" လို့ အသက် ၂၂ နှစ်အရွယ် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဘွဲ့ရကျောင်းသား ကယ်လ်ဗင်က ပြောပါတယ်။

(Photo: Stand News)

ထိုအတောအတွင်း ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန္ဒပြအဓိကရုဏ်းဖြစ်ပွားစဥ် ပြုတ်ကျမှုကြောင့် ဦးခေါင်းထိခိုက်ခဲ့သူ ကျောင်းသားဟာ ယနေ့ (နိုဝင်ဘာ ၈ ရက်) မနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဟောင်ကောင်နည်းပညာသိပ္ပံတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်အထူးပြု တက်ရောက်နေတဲ့ အသက် ၂၂ နှစ်အရွယ် Alex Chow Tsz-lok အမည်ရှိ ကျောင်းသားဟာ ယနေ့မနက် ၈ နာရီ ၉ မိနစ်မှာ သေဆုံးသွားကြောင်း Queen Elizabeth ဆေးရုံက ထုတ်ပြန်ပါတယ်။

အဆိုပါ ကျောင်းသားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) ညနှောင်းပိုင်း Tseung Kwan O အရပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းအတွင်း ကားပါကင်နေရာတစ်ခုမှာ လဲကျနေပြီး ဦးခေါင်းဒဏ်ရာရထားတာ တွေ့ကြရပါတယ်။ ၎င်းကို တနင်္လာနေ့ (နိုဝင်ဘာ ၄ ရက်) မနက်အစောပိုင်းက ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဦးနှောက်ထိခိုက်သွားမှုကြောင့် ခွဲစိတ်ကုသမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက AFP ကို ပြောပါတယ်။

(Photo: @lokinhei/Twitter)

တက္ကသိုလ်ကျောင်းသား Alex ဟာ မည်သည့်အကြောင်းကြောင့် ဒဏ်ရာရခဲ့ကြောင်း အတိအကျ မသိနိုင်သေးပေမဲ့ ရဲတပ်ဖွဲ့ကတော့ အထပ်များပါတဲ့ ကားပါကင်နေရာမှာ အထပ်တစ်ထပ်ကနေ နောက်တစ်ထပ်သို့ ပြုတ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။ Alex သေဆုံးမှုဟာ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့တဲ့ ငါးလအတွင်း ပထဆုံး ကျောင်းသားသေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့ပါတယ်။ လနဲ့ချီကြာတဲ့ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပါတယ်။

(Photo: Stand News)

သို့သော် ဟောင်ကောင်အစိုးရကို ဆန္ဒပြမှုတွေကတော့ ဆက်လက်ရှိနေခဲ့ပြီး အဓိကရုဏ်းများ၊ အတိုက်အခံ နိုင်ငံရေးသမားနဲ့ တရုတ်အစိုးရလိုလားတဲ့ လွှတ်တော်အမတ်တစ်ဦး တိုက်ခိုက်ခံရမှုများ လတ်တလော ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။ ယခုအခါ ဆန္ဒပြမှုအတွင်း ဒဏ်ရာရခဲ့တဲ့ တက္ကသိုလ်ကျောင်းသား သေဆုံးသွားခဲ့ရာ လာမယ့် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ရက်များအတွင်း ဟောင်ကောင်ဆန္ဒပြမှုတွေ ပြင်းထန်လာနိုင်ဖွယ်ရှိနေပါတယ်။

(Photo: Kin Cheung/AP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: Reuters, CNA, AFP


က္က