လူမှတိရိစ္ဆာန်သို့ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ဟောင်ကောင်မှာ COVID-19 ရောဂါ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတစ်ဦးရဲ့ အိမ်မွေးခွေးကိုလည်း ဗိုင်းရပ်စ်ကူးစက်သွားခဲ့ကြောင်း အအာဏာပိုင်တွေက မတ်လ ၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

(Photo: SCMP via Facebook)

ယခုဖြစ်ရပ်ဟာ လူမှတိရိစ္ဆာန်သို့ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ အသက် ၆၀ နှစ်အရွယ် ဗိုင်းရပ်စ်ကူးစက်ခံ အမျိုးသမီးလူနာရဲ့ အိမ်မွေးခွေးကို သောကြာနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ကတည်းက အကြိမ်ကြိမ် စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိခဲ့ရပြီး ထိုခွေးကို တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနမှာ သီးသန့်ခွဲထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။



အကြိမ်ကြိမ် စစ်ဆေးမှုတွေအရ pomeranian အမျိုးအစား အိမ်မွေးခွေးထံမှာ အဆင့်နိမ့် ရောဂါကူးစက်မှု တွေ့ခဲ့ရတယ်လို့ ဟောင်ကောင် Agriculture, Fisheries and Conservation Department (AFCD) က ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တက္ကသိုလ်များနဲ့ World Organisation for Animal Health မှ ကျွမ်းကျင်သူတွေက လူမှတိရိစ္ဆာန်သို့ ကူးစက်မှုဖြစ်နိုင်ဖွယ်ရှိကြောင်း တညီတညွတ်တည်း လက်ခံခဲ့ကြတယ်လို့ AFCD က ထုတ်ပြန်ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ pomeranian အမျိုးအစား အိမ်မွေးခွေးဟာ COVID-19 ရောဂါလက္ခဏာများ မပြခဲ့ကြောင်းလည်း AFCD က ဆိုပါတယ်။ ဟောင်ကောင်မှာ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ကတည်းက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်အားလုံးကို ၁၄ ရက်ကြာ သီးသန့်ခွဲထားခဲ့ပြီး ခွေးနှစ်ကောင်လည်း ပါဝင်ခဲ့ပါတယ်။

နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံ လူနာတစ်ဦးရဲ့ အိမ်မွေးခွေးထံမှာတော့ ဗိုင်းရပ်စ်မတွေ့ရဘဲ ထိုခွေးကို ပြန်လွှတ်မပေးမီ နောက်တစ်ကြိမ် စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားတဲ့ pomeranian အမျိုးအစား အိမ်မွေးခွေးကို အနီးကပ် စောင့်ကြည့်နေပြီး ဗိုင်းရပ်စ်မတွေ့ရတော့ချိန်မှာ ပိုင်ရှင်ထံ ပြန်ပေးအပ်သွားမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ


(Photo: AFP)

ဟောင်ကောင်မှာ မတ်လ ၄ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၂ ဦး စစ်ဆေးတွေ့ရှိထားပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၉၈၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၂၁၇ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၄ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၂၇၀ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃,၇၁၇ ဦးရှိပြီး ၅၁,၀၂၆ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ကူးစက်မှုတွေ လျော့ကျနေခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီရန်၊ အီတလီကဲ့သို့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုတွေ စိုးရိမ်ဖွယ်ရာ မြင့်တက်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က