စူပါမတ်ကက်ကြီးတွေမှာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ပြတ်လပ်သွားတဲအထိ ဝယ်ယူခဲ့ကြပါတယ်။

ဟောင်ကောင်မှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် စိုးရိမ်ကြောက်လန့်နေကြတဲ့ မြို့ခံတွေက အဓိက စူပါမတ်ကက်ကြီးတွေမှာ အေးခဲအသား၊ ဆန်၊ သန့်ရှင်းရေးပစ္စည်းများနဲ့ ဆပ်ပြာ အစရှိတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ပြတ်လပ်သွားတဲအထိ အပြေးအလွှား ဝယ်ယူခဲ့ကြပါတယ်။

(Photo: AFP)

လူဦးရေ ၇.၄ သန်းရှိတဲ့ ဟောင်ကောင်မှာ အစားအစာတွေကို အပြေးအလွှား ဝယ်ယူစုဆောင်းကြမှုဟာ မကြုံစဖူးပင် ဖြစ်တယ်လို့ဆိုပါတယ်။ ယခုဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုအပေါ် ၂၀၀၃ ခုနှစ်မှာ SARS (Severe Acute Respiratory Syndrome) ရောဂါ ကူးစက်ဖြစ်ပွားစဥ်ကထက် ပိုမိုစိုးရိမ်ကြောက်လန့်နေကြကြောင်း ဟောင်ကောင်မြို့ခံတွေက ပြောပါတယ်။ 



SARS ရောဂါ ကူးစက်ဖြစ်ပွားခဲ့စဥ်က ဟောင်ကောင်မှာ လူ ၃၀၀ နီးပါး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရပြီး လတ်တလော ကမ္ဘာတစ်ဝှမ်းမှာာ ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်ပြည်မကြီးမှာ ယနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) ညပိုင်းအထိ လူ ၃၆၁ ဦး သေဆုံးခဲ့ပါတယ်။


(Photo: @chanchaihk/Twitter)

ထိုဗိုင်းရပ်စ်ကူးစက်မှုအပေါ် စိုးရိမ်ကြောက်လန့်နေတဲ့ ဟောင်ကောင်မြို့ခံတွေက mask များနဲ့ ဗီတာမင်စီ (Vitamin C) ကိုယ်ခံအားစနစ်မြှင့်တင်ရေး ဖြည့်စွက်ဆေးဝါးများ ဝယ်ယူကြရန် နာရီနဲ့ချီကြာမြင့်တဲ့အထိ တန်းစီးစောင့်ဆိုင်းခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ဟောင်ကောင်မြို့ ဝမ်ချိုင်အရပ်ရှိ စူပါမတ်ကက်ကြီးတစ်ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၃၁ ရက်) နေ့လယ်မတိုင်မီကတည်းကနဲ့ သီတင်းပတ်ကုန်ရက်တွေမှာ အေးခဲအသားနဲ့ ပင်လယ်စာများ ပစ္စည်းပြတ်လပ်နေတဲ့အထိ ရောင်းကုန်ခဲ့ပါတယ်။ ထို့အတူ ဟင်းသီးဟင်းရွက်များလည်း ရောင်းကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

"လူတိုင်းက တစ်ကယ်ကို စိုးရိမ်နေကြတယ်၊ နောက်ရက်အနည်းငယ်မှာ ဘာဖြစ်လာမလဲဆိုတာ လူတိုင်းက ကြောက်နေကြတယ် ထင်တယ်" လို့ အစားအစာခြောက်နဲ့ ဆပ်ပြာဝယ်ယူနေခဲ့သူ လက်လီအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ စင်ဒီက ပြောပါတယ်။ စူပါမတ်ကက်အတွင်း mask တပ်ထားတဲ့ ဈေးဝယ်သူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး လက်ဆေးဆပ်ပြာနဲ့ ပိုးသတ်ဆေးရည်များထားရှိတဲ့ နေရာတွေမှာ ပစ္စည်းရောင်းကုန်သွားပြီလို့ စာတမ်းများရေးဆွဲထားတာ တွေ့ရပါတယ်။

အခြား ဈေးဝယ်သူတွေက လက်ကျန် ဆန်အိတ်တွေနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ ဝယ်ယူနိုင်ရန် ကြိုးစားနေခဲ့ကြပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက တရုတ်ပြည်မကြီးနဲ့ နယ်စပ်ဝင်ပေါက် ၁၀ ခုကို ပိတ်ပင်တော့မှာဖြစ်တာကြောင့် ကုန်ပစ္စည်းများပြတ်လပ်မှာကို စိုးရိမ်ပူပန်ပြီး အစားအစာနဲ့ သန့်ရှင်းရေးအသုံးအဆောင်တွေကို အပြေးအလွှား လာရောက်ဝယ်ယူရခြင်းဖြစ်ကြောင်း ဈေးဝယ်သူအချို့က ပြောပါတယ်။

(Photo: @joshuawongcf/Twitter)

တရားဝင် အချက်အလက်တွေအရ ဟောင်ကောင်မှာ အစားအစာ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို ပြင်ပမှတင်သွင်းတာဖြစ်ပြီး တရုတ်ပြည်မကြီးကနေ အများအပြား တင်သွင်းကြောင်းသိရပါတယ်။ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားထိန်းချုပ်နိုင်ရန် ဟောင်ကောင်အာဏာပိုင်တွေက တရုတ်ပြည်မကြီးနဲ့ကြား နယ်စပ်ဖြတ်ကျော်သွားလာတဲ့ မြန်နှုန်းမြင့်ရထားနဲ့ ကူးတို့သင်္ဘော ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။

ထို့အတူ တရုတ်ပြည်မကြီးသို့ လေယာဥ်ခရီးစဥ် အရေအတွက်ကိုလည်း လျှော့ချထားပါတယ်။ ဟောင်ကောင်မှာ ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၄ ဦးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။ နောက်ဆက်တွဲ သတင်းအရ တရုတ်ပြည်မကြီးနဲ့ နယ်စပ်ဝင်ပေါက် ၁၃ ခုအနက် ၁၀ ခုကို ယနေ့မှစပြီး ယာယီ ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ယနေ့ ကြေညာကြောင်းသိရပါတယ်။

(Photo: AFP)

ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ စာရင်းတွေအရ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ကမ္ဘာတစ်ဝှမ်းမှာ ၁၇,၃၈၅ ဦးရှိပါတယ်။ ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၂၀၅ ဦးနဲ့ သေဆုံးသူ ၃၆၁ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။

တရုတ်ပြင်ပမှာ ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဝူဟန်မြို့မှ အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၆၂ ဦးအထိရှိလာပါတယ်။ ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။

(Photo: Reuters)

ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။

ထိုအတောအတွင်း စင်ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ သတင်းဖော်ပြမှုအရ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဟာ အသက်ရှူလမ်းကြောင်းမှသာ မဟုတ်ဘဲ မစင်မှတစ်ဆင့်လည်း ကူးစက်နိုင်ခြေရှိကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ပြောကြားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က