COVID-19 ကူးစက်မှုတွေ ပြန်မြင့်တက်နေတဲ့ ဟောင်ကောင်မှာ ကူးစက်မှုထိန်းချုပ်ရန်အတွက် လူနှစ်ဦးထက်ပိုတဲ့ စုဝေးမှုမလုပ်ရန် တားမြစ်ပိတ်ပင်ခြင်း အပါအဝင် နောက်ထပ် ကန့်သတ်ချက်များ ဇူလိုင် ၂၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
(Photo: Reuters)
နောက်ထပ် ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေအနက် စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်မှု လုံးဝ ပိတ်ပင်ခြင်းနဲ့ အိမ်အပြင်ဘက် အပါအဝင် အများပြည်သူဆိုင်ရာ နေရာအားလုံးမှာ စည်းမျဥ်းဥပဒေအရ mask တပ်ထားရန်လည်း ပါဝင်ပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက ထုတ်ပြန်မှုအရ ဇူလိုင် ၂၇ ရက်နေ့မှာ COVID-19 ကူးစက်မှုအသစ် ၁၄၅ ခု တိုးလာခဲ့ပြီး ၁၄၂ ခုဟာ နယ်မြေအတွင်း ကူးစက်မှုတွေလို့ ဆိုပါတယ်။ ဟောင်ကောင်မှာ ကူးစက်မှုထိန်းချုပ်ရေး နောက်ထပ် ကန့်သတ်ချက်တွေဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၉ ရက်) မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
(Photo: Reuters)
"ဒါက ဟောင်ကောင်အတွက် အရေးအကြီးဆုံး အချိန်ပါ၊ ဟောင်ကောင်သူ ဟောင်ကောင်သားတွေကို သည်းခံကြဖို့နဲ့ တတ်နိုင်သမျှ အိမ်မှာပဲနေကြဖို့ ကျွန်မတို့ မေတ္တာရပ်ခံပါတယ်" လို့ Sophia Chan က ပြောပါတယ်။ ဟောင်ကောင်မှာ ဇန်နဝါရီလနှောင်းပိုင်းမှစပြီး လက်ရှိအချိန်အထိ လူ ၂,၆၀၀ ကျော်မှာ COVID-19 ကူးစက်မှုတွေ့ရပြီး သေဆုံးသူ ၂၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။