ဟောင်ကောင်မှာ COVID-19 ဟာ ထိန်းချုပ်မရနိုင်ဘဲ ကူးစက်ဖြစ်ပွားနေခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောကြားခဲ့ပြီး ပိုမိုတင်းကျပ်တဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းအသစ်တွေကို ထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။
(Photo: Reuters)
ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်မှုအရ ဟောင်ကောင်မှာ ကူးစက်ခံရသူ နောက်ထပ် ၁၀၀ ကျော် တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်းမှာ COVID-19 စတင်တွေ့ရှိခဲ့ချိန်န်က ဟောင်ကောင်ဟာ ပထမဆုံး ကူးစက်ဖြစ်ပွားတဲ့ နေရာတွေအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။
သို့သော် ဟောင်ကောင်က ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးကို အထင်ကြီးလောက်စရာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ဇွန်လကုန်ပိုင်းမှာ နယ်မြေအတွင်း ကူးစက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာတော့ ဟောင်ကောင်မှာ COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီး လူဦးရေ ၇.၅ သန်းရှိတဲ့ နယ်မြေအတွင်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ဖြစ်ပွားနေမှုအပေါ် ဆရာဝန်တွေက စိုးရိမ်ပူပန်ကြပါတယ်။
(Photo: Reuters)
သီတင်းနှစ်ပတ်အတွင်း ဟောင်ကောင်မှာ COVID-19 ကူးစက်ခံရသူ ၅၀၀ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၁,၇၈၈ ဦးနဲ့ သေဆုံးသူ ၁၂ ဦးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။ နှစ်ပတ်အတွင်း တိုးလာခဲ့တဲ့ ကူးစက်ခံရသူ ၅၀၀ အနက် ၁၀၀ ကျော်ဟာ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာ အတည်ပြု တွေ့ရှိခဲ့ရတာဖြစ်ပြီး ဟောင်ကောင်မှာ နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့ပါတယ်။
(Photo: AFP)
စားသောက်ဆိုင်တွေကိုလည်း ညပိုင်းတွေမှာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ယမန်နေ့မှာတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က အများပြည်သူဆိုင်ရာ အဆောက်အအုံထဲမှာ mask ကို စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ တပ်ထားကြရန်နဲ့ မရှိမဖြစ် မဟုတ်ဘဲ အစိုးရဝန်ထမ်းတွေကို နေအိမ်မှ အလုပ်လုပ်ရန် အပါအဝင် COVID-19 ထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်အသစ်များ ကြေညာခဲ့ပါတယ်။
ဟောင်ကောင်မှာ ဆေးရုံများပြည့်နေတာကြောင့် Disneyland အပန်းဖြေစခန်းအနီးရှိ မြေကွက်လပ်နေရာမှာ COVID-19 လူနာတွေကို စောင့်ကြည့်ကုသပေးရန် သီးခြားခွဲထားမယ့် အခန်း ၂,၀၀၀ ကို ပြင်ဆင်နေကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။ ဟောင်ကောင်မှာ နယ်မြေတွင်း ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကျောင်းများအားလုံးကို ပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။