ဟောင်ကောင်မှာ နယ်မြေတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် ကျောင်းများအားလုံးကို ပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးက ယနေ့ (ဇူလိုင် ၁၀ ရက်) ပြောပါတယ်။
ဟောင်ကောင်ရှိ ကျောင်းများအားလုံးကို လာမယ့် တနင်္လာနေ့ (ဇူလိုင် ၁၃ ရက်) မှစပြီး နွေရာသီကျောင်းပိတ်ရက်အစပိုင်းအထိ ပိတ်ထားမယ်လို့ ပညာရေးဝန်ကြီး Kevin Yeung က ဆိုပါတယ်။ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ နယ်မြေတွင်း COVID-19 ကူးစက်မှုတွေ ပိုမိုများပြားလာနိုင်တဲ့ အလားအလာရှိခဲ့ပြီးနောက် စာသင်ကျောင်းအားလုံး ပိတ်ထားရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဟောင်ကောင်မှာ ဇူလိုင် ၁၀ ရက်နေ့က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃၈ ဦး တိုးလာခဲ့ရာ ၃၂ ဦးမှာ နယ်မြေတွင်း ကူးစက်မှုဖြစ်ကြောင်း သိရပါတယ်။ အစောပိုင်းက ဟောင်ကောင်မှာ လူမှုနေထိုင်မှုများ ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့ပြီး စားသောက်ဆိုင်နဲ့ ဘားဆိုင်များ၊ ယဥ်ကျေးမှုဆိုင်ရာ လည်ပတ်စရာနေရာများကိုလည်း ပြန်ဖွင့်ထားခဲ့ပါတယ်။
ဟောင်ကောင်ဟာ ယမန်နှစ် ဒီဇင်ဘာလကုန်က COVID-19 စတင်တွေ့ရှိခဲ့ရာ တရုတ်ပြည်မကြီးနဲ့ ကပ်လျက်တည်ရှိနေပေမဲ့ လတ်တလော လပိုင်းအတွင်း နယ်မြေတွင်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သို့သော် အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) မှာတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ အပါအဝင် COVID-19 ကူးစက်မှုအစုအဝေး အသစ်များ တွေ့ရှိလာရပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ကူးစက်ခံရသူ ၃၂ ဦး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
COVID-19 ကူးစက်မှုအစုအဝေးတွေ ပြန်တွေ့လာရပြီးနောက် ဇူလိုင် ၁၃ ရက်နေ့မှစပြီး အလယ်တန်း၊ မူလတန်းနဲ့ မူကြို ကျောင်းများအားလုံးကို ပိတ်ထားမှာဖြစ်ပြီး အရေးကြီးတဲ့ စာမေးပွဲများကိုတော့ ကျင်းပခွင့်ပြုသွားမယ်လို့ ဟောင်ကောင် ပညာရေးဝန်ကြီး Kevin Yeung က ပြောပါတယ်။ ဟောင်ကောင် အစိုးရကျောင်းတွေကို အစောပိုင်းအဆင့် COVID-19 ကူးစက်မှုများ ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ စတင်ပိတ်ထားခဲ့ပြီး ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်လာနိုင်ပြီးနောက် မေလမှာတော့ တဖြည်းဖြည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေက ပြန်လည် သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်အရ စားသောက်ဆိုင်တွေမှာ လူဦးရေ ရှစ်ဦးအထိ အများဆုံး အတူတကွ ထိုင်နိုင်ကြောင်း၊ ဘားဆိုင်၊ အရက်ဆိုင်နဲ့ နိုက်ကလပ်တွေမှာတော့ စားပွဲတစ်ဝိုင်းလျှင် လူလေးဦးသာထိုင်ရန် ခွင့်ပြုထားကြောင်း သိရပါတယ်။ ဟောင်ကောင်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁,၄၀၄ ဦးနဲ့ သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။