ဆန္ဒပြသူတွေ ပိတ်ပင်ထားခဲ့ကြတဲ့ လမ်းမတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့စဥ် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

တရုတ်နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုခြင်းကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ရန် ဟောင်ကောင်လွှတ်တော်မှာ ဥပဒေမူကြမ်း တင်သွင်းမှုကို ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ငရုပ်ကောင်းကျည်ဆန် (pepperball round) များသုံးပြီး ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

(Photo: AFP)

ဟောင်ကောင်မြို့လယ်မှာ ယ‌နေ (မေ ၂၇ ရက်) စုရုံးဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဟောင်ကောင်လွှတ်တော် (Legislative Council) ကိုလည်း ဝိုင်းပတ်စောင့်ကြပ်ထားပါတယ်။



ဟောင်ကောင်လွတ်လပ်မှုကို ခြိမ်းခြောက်လာကြောင်း ယူဆထားကြတဲ့ တရုတ်နိုင်ငံတော်သီချင်းနဲ့ ပတ်သက်တဲ့ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြကြရန် တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ ပိတ်ပင်ထားခဲ့ကြတဲ့ လမ်းမတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့စဥ် ထိပ်တိုက်တွေ့ပြီး ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: AFP)

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဈေးဝယ်စင်တာများရှိရာ လမ်းမတွေပေါ်ရှိ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဝိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဟောင်ကောင်လွှတ်တော် ပတ်ဝန်းကျင်မှာ ယမန်နေ့ (မေ ၂၆ ရက်) ကတည်းက ညလုံးပေါက် စောင့်ကြပ်နေခဲ့ပါတယ်။ ယနေ့ ဆန္ဒပြမှုအတွင်း လူ ၃၀၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။

လတ်တလော သီတင်းပတ်အတွင်း ဟောင်ကောင်လွှတ်တော်မှာ တရုတ်နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုမှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်မယ့်ဥပဒေမူကြမ်းနဲ့ ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေမူကြမ်းတို့ကို အတည်ပြုရန် စီစဥ်လာခဲ့ရာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီး နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

တရုတ်အစိုးရက အဆိုပြုထားတဲ့ လုံခြုံရေးဥပဒေက ဟောင်ကောင်မှာ ယမန်နှစ်က လမ်းပေါ်ထွက် ဆန္ဒပြမှုများနောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာစေခဲ့ပါတယ်။ ယမန်နှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ကို ဟောင်ကောင်မြို့ကို တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း အကြီးဆုံး နိုင်ငံရေးအကျပ်အတည်းလည်း ဖြစ်ခဲ့ပါတယ်။



က္က