ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အပြင်းအထန် ထိပ်တိုက်တွေ့ကြပြီး ကျောင်းဝင်းအတွင်း စစ်မြေပြင်ပမာ ဖြစ်သွားခဲ့ပါတယ်။

ဟောင်ကောင်မှာ တက္ကသိုလ်နယ်မြေတစ်ခုအတွင်း ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား အပြင်းအထန် ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများ တည်ရှိရာနေရာမှာ လုပ်ငန်းများရပ်ဆိုင်းသွားခဲ့ပါတယ်။

(Photo: Philip FONG/AFP)

နိုဝင်ဘာ ၁၂ ရက်နေ့က တရုတ်တက္ကသိုလ် (Chinese University of Hong Kong) မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်များ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ကြပြီး တက္ကသိုလ်နယ်မြေဟာ စစ်မြေပြင်ပမာ ဖြစ်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ဖြုခွဲခဲ့ပြီး ဆန္ဒပြသူတွေကလည်း အုတ်ခဲများ၊ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။



ရဲနဲ့ဆန္ဒပြသူတွေ နှစ်ဖက်ထိပ်တိုက်တွေ့မှုဟာ နာရီပိုင်းကြာခဲ့ပြီး ဆန္ဒပြသူတွေက လမ်းမတွေမှာ အတားအဆီးများ ချထားခဲ့ကြပါတယ်။ အတားအဆီးအဖြစ် အသုံးပြခဲ့တဲ့ ကားတစ်စီးကို မီးရှို့ခဲ့ကြောင်းလည်း Reuters သတင်းက ပြောပါတယ်။ ရဲတပ်ဖွဲ့က ရေအမြောက်ထရပ်ကားသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲရန် လုပ်ဆောင်ခဲ့ပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား တင်းမာမှုတွေ ယမန်နေ့ညနှောင်းပိုင်းအထိ ဆက်လက်ဖြစ်နေခဲ့ကြောင်းလည်း သိရပါတယ်။ ယမန်နေ့ နေ့လယ်ပိုင်းကလည်း ဆန္ဒပြသူ ၁,၀၀၀ ခန့်က စုရုံးချီတက်ခဲ့ကြပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ငါးလကျော်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးရေးဟာ အလုံးစုံ ယိုယွင်းပျက်ပြားတော့မယ့် အခြေအနေကို ဦးတည်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။

ယမန်နေ့က တက္ကသိုလ်ကျောင်းဝင်း အပါအဝင် ဟောင်ကောင်တစ်ဝှမ်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့ပြီးနောက် ထိုသို့ သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဟောင်ကောင်ရှိ တက္ကသိုလ်ရှစ်ခုက စာသင်ကြားမှုတွေကို ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မှာ ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


(Photo: AFP)

ဟောင်ကောင်မှာ ဇွန်လကတည်းက ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုများအတွင်း လက်ရှိအချိန်အထိ ဆန္ဒပြသူ ၃,၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း BBC သတင်းက ဖော်ြပထားပါတယ်။ တနင်္လာနေ့ (နိုဝင်ဘာ ၁၁ ရက်) မနက်ပိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုအတွင်း ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုတစ်ခု အွန်လိုင်းမှာထွက်ပေါ်လာခဲ့ရာ ဒေါသတကြီး တုံ့ပြန်ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

မကြာသေးမီ ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခအတွင်း ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတစ်ဦး အထပ်များပါ ကားပါကင်တစ်ခုမှာ ပြုတ်ကျခဲ့ရာမှ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ထိုကျောင်းသား သေဆုံးရမှုအတွက်လည်း ဆန္ဒပြသူတွေက ဒေါသထွက်နေခဲ့ကြပါတယ်။


(

Photo: Reuters)

ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့နေခဲ့ပါတယ်။ လနဲ့ချီကြာတဲ့ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။ လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က