အုတ်ခဲထိမှန်ခံရတဲ့ အဘိုးအို လဲကျနေပေမဲ့လည်း အပြန်အလှန် ဆက်လက် တိုက်ခိုက်နေခဲ့ကြပါတယ်။

ဟောင်ကောင်ဆန္ဒပြမှုများအတွင်း ဆန္ဒပြလူအုပ်စုတစ်ခုနဲ့ အစိုးရကိုထောက်ခံတဲ့ လူအုပ်စုတစ်ခု ထိပ်တိုက်တွေ့ အပြန်အလှန် တိုက်ခိုက်ကြစဥ် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး အုတ်ခဲထိမှန်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

(Photo: SCMP)

နိုဝင်ဘာ ၁၃ ရက်နေ့က Sheung Shui ရထားဘူတာရုံအပြင်ဘက်မှာ အနက်ရောင်ဝ်စုံဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေနဲ့ ထိုနေရာတစ်ဝိုက်မှာ နေထိုင်ကြသူများ ထိပ်တိုက်တွေ့ခဲ့ကြပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ ရန်ပွဲအလယ်ရောက်နေခဲ့တဲ့ အသက် ၇၀ အရွယ် အဘိုးအိုးကို အုတ်ခဲတစ်လုံး ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။



ဗီဒီယိုမှာ မြင်တွေ့ရမှုအရ အုပ်စုနှစ်ခုက အုတ်ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်နေခဲ့ကြပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူတွေက ထီးများဖြင့် အကာအကွယ်ယူခဲ့ကြပါတယ်။ အုတ်ခဲထိမှန်ခံရတဲ့ အဘိုးအိုဟာ ချက်ချင်း လဲကျသွားခဲ့တာကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။ အဘိုးအို လဲကျနေပေမဲ့လည်း အုပ်စုနှစ်ခုက အုတ်ခဲများဖြင့် အပြန်အလှန် ဆက်လက်ပစ်ပေါက်နေခဲ့ကြပါတယ်။

(Photo: SCMP)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က Sheung Shui ရထားဘူတာရုံတစ်ဝိုက် ရှာဖွေခဲ့ကြပေမဲ့ ဖမ်းဆီးမှုမရှိခဲ့ကြောင်း South China Morning Post သတင်းက ဖော်ပြပါတယ်။ ရန်ပွဲအတွင်း အုတ်ခဲထိမှန်ခံရတဲ့ အဘိုးအိုဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဟောင်ကောင်မှာ လတ်တလောအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်နေဖြစ်ပွားနေခဲ့တာ ယမန်နေ့အထိ သုံးရက်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။

ဆန္ဒပြတက္ကသိုလ်ကျောင်းသားတစ်ဦး ကားပါကင်နေရာမှာ ပြုတ်ကျခဲ့ရာမှ သေဆုံးသွားမှုနဲ့ ရဲအရာရှိက ဆန္ဒပြလူငယ်တစ်ဦးကို အနီးကပ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်အသွင်ဆောင်လာခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း တက္ကသိုလ်နယ်မြေအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်ခဲ့ပြီး တက္ကသိုလ်နယ်မြေဟာ စစ်မြေပြင်ပမာ ဖြစ်သွားခဲ့ပါတယ်။



(Photo: AFP)

ယမန်နေ့ကလည်း ဆန္ဒပြသူတွေက တက္ကသိုလ်ကျောင်းဝင်းတွေကို ပိတ်ဆို့ထားပြီး ကြုံရာလက်နက်များဖြင့် ရဲတပ်ဖွဲ့ကို ထိပ်တိုက်တွေ့ခဲ့ကာ ကသောင်းကနင်း အခြေအနေတွေ ဆက်လက် ဖြစ်ပေါ်နေခဲ့ပါတယ်။ ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ ဟောင်ကောင်ရှိ ကျောင်းများအားလုံးကို လုံခြုံရေးကြောင့် ပိတ်ထားမယ်လို့လည်း သိရပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြအဓိကရုဏ်းတွေကြောင့် ယမန်နေ့တစ်နေ့တည်းမှာပင် ညနေ ၅ နာရီအချိန်အထိ လူ ၄၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေဟာ အသက်တစ်နှစ်မှ ၈၁ နှစ်အထိ အသက်အရွယ်ရှိသူတွေ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ဇွန်လကတည်းက ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုများအတွင်း လက်ရှိအချိန်အထိ ဆန္ဒပြသူ ၃,၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

(Photo: Anthony Wallace/AFP)

ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့နေခဲ့ပါတယ်။ လနဲ့ချီကြာတဲ့ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။

(Photo: Anthony Wallace/AFP)

ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။ လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က