ဈေးဝယ်စင်တာအတွင်း ဆန္ဒပြအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။

ဟောင်ကောင်မှာ သီတင်းပတ်ကုန် ရက်များအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအဓိကရုဏ်းများအတွင်း လူအများအပြား ဒဏ်ရာရခဲ့ပြီး တစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၄ ရက်) ပြောပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) နေ့က ဟောင်ကောင်အရှေ့ပိုင်း ဆင်ခြေဖုံးအရပ် Taikoo Shing ရှိ Cityplaz‌a အပါအဝင် မိသားစုနဲ့ ကလေးများ ဟောင်ကောင်ဈေးဝယ်စင်တာအချို့ကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေက ကနဦးမှာ လက်ချင်းချိတ်ပြီး စီတန်းလျက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။



သို့သော် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဈေးဝယ်စင်တာအတွင်းရှိ စာသောက်ဆိုင်တစ်ဆိုင်မှာ ဂရပ်ဖတီပုံကို ဆေးမှုတ်ရေးဆွဲခဲ့ပါတယ်။ Cityplaze အတွင်း ဓားကိုင်အမျိုးသားတစ်ဦးက လူအချို့ကို တိုက်ခိုက်ခဲ့ပြီး နိုင်ငံရေးသမားတစ်ဦးရဲ့ နားရွက်ကို ကိုက်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆို

ပါ ဓားကိုင်အမျိုးသားကိုလည်း ဆန္ဒပြသူတွေက တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြပြီး ဒဏ်ရာရခဲ့ကြောင်း သိရ ပါတယ်။

(Photo: @chowtingagnes/Twitter)

ယမန်နေ့က ဆန္ဒပြအဓိရုဏ်းများအတွင်း စုစုပေါင်း လူ ၃၀ ဒဏ်ရာရခဲ့ပြီး တစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ နောက်ထပ်နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ကြောင်း ဟောင်ကောင် ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ အခြား ဆန္ဒပြအဓိကရုဏ်းတစ်ခုအတွင်း Shue Yan တက္ကသိုလ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးဟာ မျက်ရည်ယိုဗုံး ထိမှန်ခံရပြီး မီးလောင်ဒဏ်ရာရခဲ့ကြောင်း ကျောင်းသားသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Vivek Prakash/AFP)

ရဲတပ်ဖွဲ့ရဲ့ ပြုမူဆောင်ရွက်ပုံအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြလုပ်ရေး တိုးမြှင့်ဖိအားပေးရန်နဲ့ နိုင်ငံတကာမှ ထောက်ခံမှုရရှိရန်အတွက် ယခုသီတင်းပတ်အတွင်း နောက်ထပ် ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်ရန် စီစဥ်ထားကြောင်းလည်း သိရပါတယ်။ ထိုအတောအတွင်း တရုတ်အစိုးရ မီဒီယာက ဟောင်ကောင်ရှိ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနနဲ့ အခြား အဆောက်အအုံတွေကို ဆန္ဒပြမှုအတွင်း ဖျက်ဆီးသူများအား ပိုမိုပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် ယနေ့ တိုက်တွန်းရေးသားထားပါတယ်။

(Photo: Vivek Prakash/AFP)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်မှာ တရားဝင် ရုပ်သိမ်းခဲ့ပါတယ်။

ဟောင်ကောင်အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းခဲ့ပါက ရာဇဝတ်မှုကျုးလွန်ကြောင်း သံသယရှိသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ ဟောင်ကောင်ဒေသခံတွေကို ထိုင်ဝမ်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က