ဆူပူအုံကြွမှုတွေမှာ ပါဝင်မှုနဲ့ အန္တရာယ်ရှိတဲ့ လက်နက်များကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခဲ့တယ်လို့ ရဲကပြောပါတယ်။

လတ်တလော အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြအဓိကရုဏ်းများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ တစ်ရက်အတွင်း လူတစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ တရုတ်တက္ကသိုလ် (Chinese University of Hong Kong) မှာ ဓာတ်ဆီပုလင်းဗုံး ၃,၉၀၀ ကျော် တွေ့ရှိခဲ့ရကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(Photo: Dale De La Rey/AFP)

ဆူပူအုံကြွမှုတွေမှာ ပါဝင်မှုနဲ့ အန္တရာယ်ရှိတဲ့ လက်နက်များကိုင်ဆောင်မှုတို့ဖြင့် လူ ၁,၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တရုတ်တက္ကသိုလ်နဲ့ ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ် (PolyU) တို့ရှိ ဓာတ်ခွဲခန်းများမှ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းများ ခိုးယူခံရကြောင်း သက်ဆိုင်ရာဝန်ထမ်းတွေက သတင်းပို့ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 



တက္ကသိုလ်ဓာတ်ခွဲခန်းများမှ ခိုးယူသွားတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အန္တရာယ်ရှိတာကြောင့် ဆန္ဒပြကျောင်းသားတွေအနေနဲ့ ၎င်းတို့ကို တွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း မပြုကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ "ဒါက ဟောင်ကောင်မှာရှိတဲ့ တက္ကသိုလ်တွေဟာ လက်နက်စက်ရုံတွေလို ဖြစ်လာတယ်လို့ သတိပေးနေတာပဲ ဖြစ်ပါတယ်" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

(Photo: AFP)

"နိုဝင်ဘာ ၁၈ ရက်နေ့က တက္ကသိုလ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကျွန်တော်တို့ ရဲအရာရှိတွေ တရုတ်တက္ကသိုလ်ထဲကို ဝင်ရောက်ခဲ့ပြီး သက်သေအထောက်အထား စုဆောင်းရယူဖို့နဲ့ အန္တရာယ်ရှိပစ္စည်းတွေ ရှင်းလင်းဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ပါတယ်၊ အဲဒီမှာ ဓာတ်ဆီပုလင်းဗုံး ၃,၉၀၀ ကျော်လောက် သိမ်းဆည်းရမိခဲ့ပါတယ်၊ ဒါက နေရာတစ်ခုတည်းမှာ ဓာတ်ဆီပုလင်းဗုံးတွေ အများဆုံး တွေ့ရှိရတာပါပဲ၊ ကျွန်တော် ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ တရုတ်တက္ကသိုလ်က ဓာတ်ဆီပုလင်းဗုံးထုတ်လုပ်တဲ့ အခြေစိုက်စခန်းဖြစ်လာပါတယ်" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

(Photo: AFP)

တက္ကသိုလ်ကျောင်းဝင်းများအတွင်းရှိ ဆန္ဒပြသူတွေအနက် အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေ အများအပြား ပါဝင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အသက်မပြည့်သေးသူတွေကို ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်များ ရဲတပ်ဖွဲ့ကို ပြောကြားပြီးနေက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ PolyU မှာ ဆန္ဒပြသူတွေနဲ့ မတိုးသာမဆုတ်သာ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် နည်းလမ်းရှာနေခဲ့ကြောင်းလည်း ၎င်းက သတင်းထောက်တွေကို ဖြည့်စွက်ပြောပါတယ်။ "အင်အားသုံးဖြိုခွင်းတာကိုက ဆူပူအုံကြွသူတွေရဲ့ အကြမ်းဖက်မှုကို တုံ့ပြန်ရာမှာ နောက်ဆုံးကျမှ မတတ်သာလို့ လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

(Photo: Reuters)

PolyU တက္ကသိုလ်ကို ရဲတပ်ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ပြီး ဆန္ဒပြသူတွေကို အဖမ်းခံရန် ပြောခဲ့ပေမဲ့ အရေအတွက် ၁၀၀ ဝန်းကျင်ရှိနိုင်တဲ့ အမာခံ ဆန္ဒပြသူတွေက တက္ကသိုလ်အတွင်း အတားအဆီးများပြုလုပ်ပြီး ဆက်လက် ရှိနေခဲ့ကြပါတယ်။ PolyU မှ ဆန္ဒပြသူအများအပြား ထွက်ပြေးသွားခဲ့ကြပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေက တံတားပေါ်ကနေ ကြိုးများဖြင့်တွယ်ဆင်းခဲ့ပြီး ထွက်ပြေးကြတာကိုလည်း ဗီဒီယိုမှတ်မ်းမှာ တွေ့ရပါတယ်။

ဆန္ဒပြသူတွေက အဆိုပါ တက္ကသိုလ်အတွင်း ဝင်ရောက်နေရာယူထားကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့နေခဲ့မှုဟာ ယမန်နေ့မှာ သုံးရက်မြောက်ဖြစ်လာခဲ့ပါတယ်။ အမာခံ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့သတိပေးမှုကို လစ်လျူရှုခဲ့ပြီး တက္ကသိုလ်ကနေ ထွက်ခွာရန်ငြင်းဆန်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

(Photo: Reuters)

အကြမ်းဖက် ဆန္ဒပြအဓိကရုဏ်းများ ဖြစ်ပွားနေမှုကြောင့် ဟောင်ကောင်ရှိ ရထားလမ်း အများအပြားနဲ့ ကျောင်းများ၊ ဈေးဝယ်စင်တာများကိုလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့နေခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။

(Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က