တရုတ်အစိုးရထံမှ ဒေါသတကြီး ကန့်ကွက်ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင်ဆန္ဒပြသူတွေကိုထောက်ခံတဲ့ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ရာ တရုတ်အစိုးရထံမှ ဒေါသတကြီး ကန့်ကွက်ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

(Photo: White House/AP)

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၇ ရက်) က ထရန့် လက်မှတ်ရေးထိုးလိုက်တဲ့ ဟောင်ကောင်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေက ဟောင်ကောင်ဟာ လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ မရှိကို နှစ်စဥ် ပြန်လည်သုံးသပ်ရန် ပြဌာန်းထားပါတယ်။



ထိုအက်ဥပဒေကို အမေရိကန်လွှတ်တော် နှစ်ရပ်လုံးက အစောပိုင်းမှာ အတည်ပြုထားခဲ့ပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အခြေအနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာအဖြစ် ရပ်တည်နေမှုကို ထိန်းထားနိုင်ရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ရန် ဥပဒေပ ပြဌာန်းထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: AFP)

ထရန့်က ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် တရုတ်အစိုးရဘက်မှ ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်က ဟောင်ကောင်အရေးမှာ ဆက်လက် ဝင်ရောက်စွက်ဖက်နေပါက တန်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ တရုတ်တို့က ၎င်းတို့နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြရာ ယခုဥပဒေအတည်ပြုမှုက ထိုဆွေးနွေးညှိနှိုင်းမှုအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

(Photo: New York Tims)

ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ယခုနှစ် ဇွန်လအတွင်း ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။

ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။

(Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က