လုံခြုံရေးဥပဒေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုရှိလာပါက လိုအပ်တဲ့ တန်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနဲ့ တရုတ်ပြည်သူ့ကွန်ဂရက်က အတည်ပြုခဲ့တဲ့ ဟောင်ကောင်လုံခြုံရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုရှိလာပါက လိုအပ်တဲ့ တန်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက မေ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရအမျိုးသား Zhao Lijian က အမေရိကန်နဲ့ ပတ်သက်ပြီး နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေမူကြမ်းကို တရုတ်ပြည်သူ့ကွန်ဂရက်က မေ ၂၈ ရက်နေ့က အတည်ပြုခဲ့ပါတယ်။



လုံခြုံရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဝေဖန်နေကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံများသို့ ကိုယ်စားလှယ်များ စေလွှတ်ထားကြောင်းလည်း ၎င်းက ပြောပါတယ်။ ဟောင်ကောင်ဟာ လွတ်လပ်မှုကို ခုခံကာကွယ်တဲ့ နေရာအဖြစ် ရှင်သန်နေကြောင်း၊ ဟောင်ကောင်မှာ နိုင်ငံတော်လုံခြုံရေးဥပဒေတစ်ရပ် ပြဌာန်းရန် တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း အဆိုပါ နိုင်ငံတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Photo: Reuters)

တရုတ်အစိုးရရဲ့ လုံခြုံရေးဥပဒေသစ်က ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်မှုကို လျှော့ချမှာဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တိုးတက်ဖြစ်ထွန်းမှုကို လျော့ပါစေကြောင်း ထိုနိုင်ငံများက ပြောပါတယ်။ ဒါ့အပြင် တရုတ်က လုံခြုံရေးဥပဒေပြဌာန်းရန် လုပ်ဆောင်မှုဟာ ယခင်ကတည်းက ဟောင်ကောင်ပြည်သူများအတွင်း နက်နက်ရှိုင်းရှိုင်း အုပ်စုကွဲနေမှုကို ပိုမိုဆိုးရွားစေမယ်လို့လည်း ဆိုပါတယ်။ ဟောင်ကောင်မှာ ယမန်နှစ်အတွင်း လနဲ့ချီ ကြာမြင့်တဲ့အထိ အကြီးအကျယ် ဆန္ဒပြမှုတွေ နဲ့ တစ်ခါတရံ အကြမ်းဖက်လုပ်ရပ်တွေ ပါဝင်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် တရုတ်အစိုးရက ယခု လုံခြုံရေးဥပဒေကို ပြဌာန်းရန်လုပ်ဆောင်လာခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

ဟောင်ကောင်အတွက် တရုတ်အစိုးရက ပြဌာန်းသွားမယ့် လုံခြုံရေးဥပဒေသစ်အရ နိုင်ငံတော်သစ္စာဖောက်မှု၊ ခွဲထွက်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုတို့ကို တားမြစ်ပိတ်ပင်ထားပြီး ကျူးလွန်းပါက အပြစ်ပေး အရေးယူနိုင်ပါတယ်။ ထို့အတူ တရုတ်လုံခြုံရေးဌာနတွေကလည်း ဟောင်ကောင်မှာ ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။



က္က