ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရခြင်းအတွက် တာဝန်ရှိသူတွေအဖြစ် ကွပ်မျက်ခဲ့တာပါ။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဖေဖေါ်ဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ထိပ်တန်းအရာရှိတွေကို ကွပ်မျက်လိုက်ကြောင်း တောင်ကိုရီးယား သတင်းစာတစ်စောင်က ယနေ့ (မေ ၃၁ ရက်) ဖော်ပြပါတယ်။

(ဟနွိုင်းမှာတွေ့ရသည့် ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်) (Photo: Reuters)

ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရခြင်းအတွက် တာဝန်ရှိသူတွေအဖြစ် အမေရိကန်နိုင်ငံဆိုင်ရာ အထူးသံတမန် Kim Hyok Chol နဲ့ လုပ်ငန်းအဆင့် ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကို မြောက်ကိုရီးယား ကွပ်မျက်လိုက်တယ်လို့ ဆိုပါတယ်။



ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုနဲ့ ညှိနှိုင်းပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့သူ ထိပ်တန်းအရာရှိ Kim Yong Chol ကိုလည်း အတင်းအကျပ် အလုပ်စေခိုင်းခံရမှုနဲ့ သဘောတရားရေး သင်ယူမှုများ ပြုလုပ်ခိုင်ထားကာ ပြစ်ဒဏ်ကျခံနေဖွယ်ရှိကြောင်း တောင်ကိုရီးယားသတင်းစာ Chosun Ilbo က ဖော်ပြခဲ့ပါတယ်။

(ကွပ်မျက်ခံရကြောင်း သတင်းထွက်နေသူ Kim Hyok Chol) (Photo: Reuters)

ပြည်တွင်းမှာ ကသောာင်းကနင်းဖြစ်မှုနဲ့ မကျေမနပ်ဖြစ်မှုတွေကို အာရုံလွှဲနိုင်ရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်တန်းအရာရှိ အများအပြားကို ရှင်းလင်းပစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယားသတင်းစာက ပြောပါတယ်။

"Kim Hyok Chol ကို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိလေးဦးနဲ့အတူ မတ်လအတွင်းက Mirim လေဆိပ်မှာ စစ်ဆေးမေးမြန်းခဲ့ပြီး ကွပ်မျက်ခဲ့ပါတယ်" လို့ အမည်မဖော်တဲ့ မြောက်ကိုရီးယားသတင်းရင်းမြစ်က ပြောခဲ့ကြောင်း Chosun Ilbo သတင်းစာက ဖော်ပြပါတယ်။ အဆိုပါ ထိပ်တန်းအရာရှိတွေဟာ အမေရိကန်အတွက် သူလျှိုလုပ်ပေးခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

(အရေးပါတဲ့ ထိပ်တန်းအရာရှိဖြစ်ခဲ့သူ Kim Yong Chol) (Photo: Reuters)

ကွပ်မျက်ခံခဲ့ရကြောင်း သတင်းထွက်ပေါ်နေတဲ့ Kim Hyok Chol ဟာ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ထပ် အရေးပါတဲ့ ထိပ်တန်းအရာရှိဖြစ်သူ Kim Yong Chol ကိုတော့ ရာထူးမှဖယ်ရှားလိုက်ပြီး Jagang ပြည်နယ်မှာ အတင်းအကျပ် အလုပ်စေခိုင်းထားကြောင်း မြောက်ကိုရီးယားသတင်းရင်းမြစ်က ပြောပါတယ်။ ထို့အတူ ထိပ်သီးဆွေးနွေးပွဲအတွက် လုပ်ငန်းအဆင့် ညှိနှိုင်းမှုတွေမှာ Kim Hyok Chol နဲ့အတူ ပါဝင်ခဲ့တဲ့ Kim Song Hye ကိုလည်း နိုင်ငံရေးအကျဉ်းစခန်းသို့ ပို့ဆောင်ထားကြောင်း Chosun Ilbo သတင်းစာက ဖော်ပြပါတယ်။

(ကင်မ်ဂျုံအန်အတွက် စကားပြန်လုပ်ခဲ့သူ Shin Hye Yong) (Photo: news.sbs.co.kr)

ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်အတွက် စကားပြန်လုပ်ခဲ့သူ Shin Hye Yong ကိုလည်း အရေးပါတဲ့ စကားပြန်ဆိုပြောကြားမှု အမှားအယွင်းကြောင့် ကင်မ်ဂျုံအန်ရဲ့ သြဇာအာဏာ လျော့ပါးစေမှုဖြင့် နိုင်ငံရေးအကျဉ်းစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်ရဲ့ အနီးကပ် လက်ထောက်အဖြစ် လိုက်ပါခဲ့တဲ့ ၎င်းရဲ့ညီမ ကင်မ်ယိုဂျုံ (Kim Yo Jong) ဟာလည်း အများမြင်ကွင်းမှာ သိပ်မတွေ့ရဘဲ ဖြစ်နေတယ်လို့ တောင်ကိုရီးယားသတင်းစာ ဖော်ပြပါတယ်။

(ကင်မ်ဂျုံအန်နှင့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ) (Photo: Reuters)

"ကင်မ်ယိုဂျုံရဲ့ သွားလာလှုပ်ရှားမှုကို ဟနွိုင်းထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း မတွေ့ရဘူး၊ ကမ်ဂျုံအန်က သူမကို ပေါ်ပေါ်ထင်ထင် မတွေ့ရအောင် လုပ်ထားတယ်လို့ နားလည်းရပါတယ်" လို့ အမည်မဖော်သူ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူရဲ့ ပြောကြားမှုကို ကိုးကားပြီး Chosun Ilbo သတင်းက ဖော်ပြပါတယ်။ ယခု သတင်းတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှာ တာဝန်ရှိသူတစ်ဦးကတော့ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းဌာနက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က