Ko John

ဟိမဝန္တာတောင်တန်းဒေသမှာ သေဆုံးခဲ့ကြတဲ့ တောင်တက်သမားအုပ်စုတစ်ခုရဲ့ နောက်ဆုံး အခိုက်အတန့်ကို မြင်တွေ့ရတဲ့ ဗီဒီယိုတစ်ခုကို အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

(သေဆုံးခဲ့သူတွေပါဝင်သည့် တောင်တက်အဖွဲ့ကို တွေ့ရစဉ်) (Photo: Reuters)

အဆိုပါ ဗီဒီယိုမှတ်တမ်းမှာ တောင်တက်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗြိတိန်လေးဦး၊ အမေရိကန်နှစ်ဦး၊ သြစတြေးလျတစ်ဦးနဲ့ အိန္ဒိယတစ်ဦးတို့ဟာ နေသာနေတဲ့ ရာသီဥတုအခြေအနေမှာ အမည်မသိရတဲ့ တောင်ထိပ်တစ်ခုကို ဖြည်းဖြည်းချင်း တက်ရောက်နေကြတာ တွေ့ရပါတယ်။

အဆိုပါ တောင်တက်အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ မေလ ၂၆ ရက်မှာ ၎င်းတို့က ဟိမဝန္တာတောင်တန်းဒေသရှိ အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး Nanda Devi တောင်ကို တက်ရောက်နိုင်ရန် ကြိုးပမ်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ တောင်တက်အဖွဲ့မှာ ပါဝင်ခဲ့သူ ခုနစ်ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ထားပြီ ဖြစ်ပေမဲ့ အဖွဲ့ကိုဦးဆောင်ခဲ့သူ အတွေ့အကြုံရင့် ဗြိတိန်လူမျိုး တောင်တက်သမား မာတင်မိုရန် (Martin Moran) ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

(ဗီဒီယိုမှာတွေ့ရသည့် မြင်ကွင်းတစ်ခု) (Photo: ITBP/BBC)

ကြာချိန် ၁ မိနစ် ၅၅ စက္ကန့်ရှိတဲ့ တောင်တက်အဖွဲ့ရဲ့ နောက်ဆုံး အခိုက်အတန့် မှတ်တမ်းဗီဒီယိုကို Indo-Tibetan Border Police (ITBP) ရဲတပ်ဖွဲ့က တနင်္လာနေ့ (ဇူလိုင် ၈ ရက်) မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထိုဗီဒီယိုထဲမှာ တောင်တက်သမား ၈ ဦးလုံး ကြိုးဖြင့်အတူတကွ ချည်နှောင်သွယ်တန်းထားလျက် အမည်မသိရတဲ့ တောင်ထိပ်တစ်ခုပေါ်ကို တက်ရောက်နေကြတာ တွေ့ရပါတယ်။

အဆိုပါ ဗီဒီယိုမှတ်တမ်းကို ဇွန်လအတွင်းက တောင်တက်သမားတွေရဲ့ အလောင်းတွေ ပြန်ရှာတွေ့ခဲ့တဲ့ နေရာအနီး နှင်းထုထဲမှာ တွေ့ခဲ့ရတဲ့ ကင်မရာဖြင့် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ITBP ပြောခွင့်ရပုဂ္ဂိုလ် ဗီဗက်ကူးမားပန်ဒေးရဲ့ အဆိုအရ တောင်တက်အဖွဲ့ရဲ့ အလေးချိန်ကြောင့် ၎င်းတို့ရှိနေခဲ့တဲ့ နေရာမှာ ရုတ်တရက် နှင်းထုပြိုကျမှု ဖြစ်ခဲ့ပုံရတယ်လို့ သိရပါတယ်။

(ပျောက်ဆုံးနေဆဲ မာတင်မိုရန်) (Photo: Moran Mountain/Facebook)

ယခုအခါ အဆိုပါ ဗီဒီယိုကို ကြည့်ရှုသုံးသပ်ပြီး တောင်တက်အဖွဲ့ဟာ မည်သည့်အမှားအယွင်း ဖြစ်သွားခဲ့ကြောင်း သိရှိနိုင်ရန် မျှော်လင့်ထားကြပါတယ်။ မာတင်မိုရန် ဦးဆောင်တဲ့ တောင်တက်အဖွဲ့ဟာ အမြင့်ပပေါင်း ၂၅,၆၄၃ ရှိတဲ့ အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး Nanda Devi တောင်ကို မေ ၁၃ ရက်မှာ စတင်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တောင်တက်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ မာတင်မိုရန်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်များစာရင်းမှာ ၂၃ ခုမြောက်ဖြစ်တဲ့ Nanda Devi East ကို ယခင်က အကြိမ်အချို့ အောင်မြင်စွာတက်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

(အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး Nanda Devi တောင်) (Photo: Sumod K Mohan)

ကမ္ဘာတစ်ဝှမ်းမှ ရာနဲ့ချီတဲ့ တောင်တက်သမားတွေက ဟိမဝန္တာတောင်တန်းဒေသရှိ တောင်များကိုတက်ရောက်ရန် အိန္ဒိယသို့ လာရောက်လေ့ရှိကြပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကမ္ဘာ့တတိယအမြင့်ဆုံးဖြစ်တဲ့ Kangchenjunga တောင်အပါအဝင် အမြင့်ပေ ၂၂,၉၀၀ အထက်ရှိတဲ့ တောင် ၁၀ လုံးရှိကြာင်း AFP သတင်းမှာ ဖော်ပြပါတယ်။



Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က