စမ်းသပ်ကုသရာမှာ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

COVID-19 လူနာတွေကို ငှက်ဖျားနဲ့ HIV ဆေးများဖြင့် စမ်းသပ်ကုသနေမှုများ ရပ်ဆိုင်းလိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။

(Photo: Reuters)

ငှက်ဖျားဆေး hydroxychloroquine နဲ့ ပေါင်းစပ် HIV ဆေး lopinavir/ritonavi တို့ဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသရာမှာ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်း မရှိခဲ့ပြီးနောက် WHO က ထိုဆေးများဖြင့် စမ်းသပ်ကုသမှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ထိုအတောအတွင်း ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုဟာ တစ်ရက်အတွင်း ပထမဆုံးအကြိမ် ၂၀၀,၀၀၀ ကျော်လွန်ပြီး စံချိန်တင် များပြားလာခဲ့ကြောင်းလည်း WHO က ပြောပါတယ်။



သောကြာနေ့ (ဇူလိုင် ၃ ရက်) ကိန်ဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ တစ်ရက်အတွင်း ၂၁၂,၃၂၆ ဦး တိုးလာခဲ့ပြီး အမေရိကန်တစ်နိုင်ငံတည်းမှာ ၅၃,၂၁၃ ဦး တွေ့ခဲ့ရပါတယ်။ "စမ်းသပ်မှုရလဒ်တွေအရ hydroxychloroquine နဲ့ lopinavir/ritonavi ဆေးတွေက ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေမှာ သေဆုံးမှုနှုန်းကို အနည်းငယ်မျှ သို့မဟုတ် လျှော့ချနိုင်ခြင်း မရှိခဲ့ပါဘူး၊ စမ်းသပ်ကုသမှု စုံစမ်းစစ်ဆေးသူတွေက စမ်းသပ်ကုသမှုတွေကို ချက်ချင်း ရပ်ဆိုင်းစေမှာပါ" လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

(Photo: Reuters)

WHO ရဲ့ ယခုဆုံးဖြတ်ချက်က ဆေးရုံတက်နေရခြင်းမရှိတဲ့ လူနာတွေမှာ ထိုဆေးများ အသုံးပြုမှုကိုတော့ သက်ရောက်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ WHO ဦးဆောင်တဲ့ နောက်ထပ် စမ်းသပ်ကုသမှုတစ်ခုအဖြစ် အမေရိကန်အခြေစိုက် Gilead Science က ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး remdesivir ဖြင့် COVID-19 လူနာတွေကို ကုသပေးနေပြီး အလားအလာရှိတဲ့ ထိရောက်မှုကို လေ့လာနေကြောင်းလည်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၁ သန်းကျော်နဲ့ သေဆုံးသူ ၅၃၄,၀၀၀ ကျော်ရှိလာတဲ့ COVID-19 ကပ်ရောဂါအတွက် အတည်ပြုထားတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ COVID-19 ကာကွယ်ဆေး ၁၅၀ နီးပါးကို ထုတ်လုပ်နေကြပြီး ၎င်းတို့အနက် ၁၈ မျိုးခန့်ကို လူတွေမှာ စမ်းသပ်ထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က