ရိုးလင်းစတုန်းရဲ့ သီချင်းတစ်ပုဒ်ကို ထရန့်က သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုခဲ့ပါတယ်။
Ko John

နာမည်ကြီး ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ ရိုးလင်းစတုန်းက ၎င်းတို့ရဲ့ သီချင်းတစ်ပုဒ်ကို ဒေါ်နယ်ထရန့်က သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ အသုံးပြုနေမှုအပေါ် ဥပဒေအရ ဆောင်ရွက်မယ်လို့ သတိပေးလိုက်ကြောင်း သိရပါတယ်။

(နာမည်ကြီး Rolling Stones ဂီတအဖွဲ့) (Photo: Greg Allen/Invision/AP)

ထရန့်က ရိုးလင်းစတုန်း (Rolling Stones) အဖွဲ့ရဲ့ 'You Can't Always Get What You Want' အမည်ရှိ သီချင်းကို ၎င်းရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ရိုးလင်းစတုန်းက ၎င်းတို့ရဲ့သီချင်းကို ထရန့်က အသုံးပြုနေမှုရပ်ဆိုင်းရန် မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း BMI ကို လိုအပ်သလိုဆောင်ရွက်ခွင့် လွှဲအပ်ထားကြောင်း အမေရိကန် အနုပညာသတင်းဝက်ဘ်ဆိုက် Deadline ကို ပေးအပ်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"BMI က ရိုးလင်းစတုန်းကိုယ်စား ထရန့်မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ ၎င်းတို့ရဲ့သီချင်းကို အသုံးပြုမှုဟာ မူပိုင်ခွင့်ချိုးဖောက်မှုဖြစ်နေတယ်လို့ အကြောင်းကြားခဲ့ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပြီး ရိုးလင်းစတုန်းရဲ့ တရားဝင် Twitter အကောင့်မှာ အဆိုပါ ထုတ်ပြန်ချက်ကို ပြန်လည် မျှဝေထားပါတယ်။

(မဲဆွယ်စည်းရုံးပွဲမှာ တွေ့ရသည့် ဒေါ်နယ်ထရန့်) (Photo: Evan Vucci/AP)

"တစ်ကယ်လို့ ဒေါ်နယ်ထရန့်က အလေးမထားဘဲ သီချင်းကို ဆက်သုံးနေမယ်ဆိုရင်တော့ ခွင့်ပြုချက်မပေးထားတဲ့ သီချင်းကို အသုံးပြုမှုအတွက် တရားစွဲဆိုသွားမှာပါ" လို့ BMI ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၂၀၁၆ ခုနှစ်က ထရန့်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ရိုးလင်းစတုန်းရဲ့ သီချင်းကို အသုံးပြုခဲ့ပြီး ထိုသို့ အသုံးမပြုရန် တားမြစ်ခဲ့တာဖြစ်ပါတယ်။

ရိုးလင်းစတုန်းရဲ့ အဆိုပါ သီချင်းကို ကနဦးမှာ ရီပတ်ဘလစ်ကင်ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းရွေးပွဲတွေမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ထရန့်အတွက် ကိုယ်စားပြုဆောင်ရွက်နေတဲ့ ရှေ့နေများထံမှ ထိုသီချင်းအသုံးပြုမှုကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု မရှိသေးကြောင်း BMI က ပြောပါတယ်။

(ရော့ခ်အဆိုတော် Tom Petty) (Photo: Reuters)

ရိုးလင်းစတုန်းဟာ သမ္မတထရန့်ကို သီချင်းအသုံးပြုမှု ရပ်တန့်ရန် သတိပေးခဲ့တဲ့ ပထမဆုံးအဖွဲ့ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ယခုလအစောပိုင်းကလည်း ရော့ခ်အဆိုတော် Tom Petty ရဲ့ မိသားစုက သမ္မတထရန့်ကို 'I Won't Back Down' သီချင်း အသုံးပြုမှုရပ်ဆိုင်းရန် အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်က ဇွန် ၂၀ ရက် အိုကလာဟိုးမားပြည်နယ် Tulsa မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲမှာ ထိုသီချင်းကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က