ဆွီဒင်မှာ မူကြိုကျောင်းကို ကလေးငယ်တစ်ဦးက လက်ပစ်ဗုံးယူဆောင်လာခဲ့တာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၁၁ ရက်) ပြောပါတယ်။
(Photo: Reuters)
အဆိုပါ ကလေးငယ်က မူကြိုကျောင်းသို့လာစဉ် စစ်တပ်သေနတ်ပစ်ကွင်းတစ်ခုမှာ တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံးကို သူငယ်ချင်းတွေကိုပြရန် ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်) က ဆွီဒင်နိုင်ငံတောင်ပိုင်း Kristianstad မြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်ကြောင့် မူကြိုကျောင်းမှာ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။
(Map: Google Maps)
ကလေးငယ်က အဆိုပါ လက်ပစ်ဗုံးကို Kristianstad မြို့ပြင်ရှိ Rinkaby သေနတ်ပစ်ကွင်းမှ ကောက်ယူထားခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ မူကြိုကျောင်းသား ကလေးငယ်ထံမှာ လက်ပစ်ဗုံးတွေ့ရပြီးနောက် ထိုဧရိယာကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့ရပါတယ်။ ထို့နောက် နာရီအနည်းငယ်အကြာမှာ ဗုံးရှင်းလင်းရေးအဖွဲ့က ဗုံးကို အသက်မဲ့စေရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။
"ဒီဗုံးသာ ပေါက်ကွဲသွားခဲ့ရင် ဘယ်လောက် ဆိုးဆိုးဝါးဝါး ထိခိုက်မှုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသားက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ Kristianstad မြို့ဟာ ဆွီဒင်မြို့တော် စတော့ဟုမ်းမြို့မှ မိုင် ၃၄၀ အကွာမှာတည်ရှိပြီး လူဦးရေ ၄၀,၀၀၀ ကျော် နေထိုင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။