သီရိလင်္ကာတစ်နိုင်ငံလုံးကို မတ်လ ၂၀ ရက်မှစပြီး lockdown အစီအမံများ ဆောင်ရွက်ခဲ့ပါတယ်။

သီရိလင်္ကာမှာ COVID-19 ထိန်းချုပ်ရေး တစ်နိုင်ငံလုံးမှာ သတ်မှတ်ဆောင်ရွက်ခဲ့တဲ့ lockdown အစီအမံတွေကို ယနေ့ (ဇွန် ၂၈ ရက်) ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သမ္မတရုံးက ကြေညာပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်ဖြစ်ပွားမှုတွေကြောင့် သီရိလင်္ကာတစ်နိုင်ငံလုံးကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှစပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown အစီအမံများ ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာတော့ lockdown သတ်မှတ်ချက်တွေကို တဖြည်းဖြည်း ဖြေလျှော့ရုပ်သိမ်းခဲ့ပြီး ညမထွက်ရအမိန့်ကိုတော့ ဆက်လက် ထုတ်ပြန်ထားခဲ့ပါတယ်။



သီရိလင်္ကာမှာ ထင်ရှားတဲ့ အစိုးရဝန်ကြီးတစ်ဦးရဲ့ ဈာပနအခမ်းအနားနဲ့ ဘာသာရေးပွဲတော်တစ်ခုမှာ ကြီးမားတဲ့ လူစုလူဝေး မဖြစ်စေရန်အတွက် မေလနှောင်းပိုင်းမှ ဇွန်လအစောပိုင်းအထိ တင်းကျပ်တဲ့ ကန့်သတ်ချက်များ ပြန်လည် သတ်မှတ်ခဲ့ပါသေးတယ်။ "ဒီနေ့ကစပြီး ကာဖျူးအမိန့်ကို အပြည့်အဝ ရုပ်သိမ်းလိုက်ပါပြီ" လို့ သမ္မတ Gotabaya Rajapaksa ရဲ့ ရုံးခန်းက ထုတ်ပြန်ပြောကြားပါတယ်။

(Photo: Reuters)

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ ဧပြီ ၃၀ ရက်နောက်ပိုင်း တွေ့ရှိရတဲ့ COVID-19 ကူးစက်မှုတွေဟာ အရှေ့အလယ်ပိုင်းမှာ ပိတ်မိနေခဲ့ပြီး အစိုးရက အထူးလေကြောင်းခရီးစဥ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရေတပ်စခန်းတစ်ခုမှာ ကူးစက်မှုကိုလည်း ယခုအခါ ထိန်းချုပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ အဆိုပါ ရေတပ်စခန်းကို အဝင်အထွက် ပိတ်ထားကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

"Welisara ရေတပ်စခန်းမှာ အချင်းချင်း ဗိုင်းရပ်စ်ကူးစက်မှု မရှိတော့ပါဘူး၊ ကူးစက်မှုကို ထိန်းချုပ်ခဲ့ပြီး ဖြစ်ပါတယ်" လို့ သီရိလင်္ကာ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ သီရိလင်္ကာမှာ lockdown ရုပ်သိမ်းလိုက်ပေမဲ့ ကုန်းလမ်းနဲ့ ရေလမ်း နယ်စပ်တွေကိုတော့ ဆက်လက် ပိတ်ထားမှာဖြစ်ပြီး နိုင်ငံတကာလေကြောင်းခရီးစဥ်တွေကိုလည်း ဝင်ရောက်ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

အာဏာပိုင်တွေက သီရိလင်္ကာနယ်စပ်တွေကို ဩဂုတ် ၁ ရက်နေ့မှာ ပြန်ဖွင့်ရန် စီစဥ်ထားပေမဲ့ ပြည်ပမှ ဝင်ရောက်လာတဲ့ ကူးစက်မှုတွေကြောင့် ရက်သတ်မှတ်မှုကို ပြန်လည် သုံးသပ်နိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။ သီရိလင်္ကာမှာ COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း ဩဂုတ်လဆန်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ COVID-19 ကူးစက်ခံရသူ ၂,၀၀၀ ခန့်ရှိခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က