တမီလ်ကျားသူပုန်တွေကို နှိမ်နင်းခဲ့ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
Ko John

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ပြည်တွင်းစစ်ကာလအတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာက အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

(ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ) (Photo: Dinuka Liyanawatte/Reuters)

နိုဝင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သီရိလင်္ကာသမ္မတရွေးကောက်ပွဲ တရားဝင်မဲရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်ကြေညာခဲ့ရာ ကာကွယ်ရေးဝန်ကြီးဟောင်း ရာဂျာပက်ခ်ဆာက မဲအရေအတွက် ၅၂.၂၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပါတယ်။ ရာဂျာပက်ခ်ဆာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တမီလ်ကျားသူပုန်တွေကို ကြမ်းတမ်းရက်စက်စွာ နှိမ်နင်းခဲ့ရာမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သူ ရာဂျာပက်ခ်ဆာကို ၎င်းရဲ့မိသားစုကိုယ်တိုင်က တာမနိတ်တာ (Terminator) လို့ နာမည်ပြောင်ပေးထားကြတယ်လို့ ဆိုပါတယ်။ အသက် ၇၀ အရွယ် ရာဂျာပက်ခ်ဆာဟာ ၎င်းရဲ့အစ်ကိုဖြစ်သူ မဟင်ဒါ ရာဂျာပက်ခ်ဆာ သမ္မတဖြစ်ခဲ့စဥ်အတွင်း ၂၀၀၅ ခုနှစ် ၂၀၁၅ ခုနှစ်အထိ ကာကွယ်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

(ရာဂျာပက်ခ်ဆာ ညီအစ်ကိုနှစ်ဦး) (Photo: Reuters)


ရာဂျာပက်ခ်ဆာက သီရိလင်္ကာမှာ ၃၇ နှစ်ကြာ ဖြစ်ပွးနေခဲ့တဲ့ တမီလ်ကျားသူပုန်တွေနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူခဲ့စဥ်အတွင်း လူအခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေထက်ကျော်လွန် သတ်ဖြတ်မှုများရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဂိုတာဘာယာဟာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့စဥ်က တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယခုနှစ် သီရိလင်္ကာသမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၅ ဦးအထိ စံချိန်တင်များပြားတဲ့ အရေအတွက် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

(ရာဂျာပက်ခ်ဆာရဲ့ အနီးကပ်ဆုံးပြိုင်ဘက် ဆဂျစ်ပရီမာဒါဆာ) (Photo: Reuters)

ရာဂျာပက်ခ်ဆာရဲ့ အနီးကပ်ဆုံးပြိုင်ဘက် အသက် ၅၂ နှစ်အရွယ် ဆဂျစ်ပရီမာဒါဆာက မဲအရေအတွက် ၄၁.၉၉ ၇ရာခိုင်နှုန်းရရှိခဲ့ကြောင်း သမ္မတရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ဆဂျစ်ပရီမာဒါဆာက သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး ရာဂျာပက်ခ်ဆာကို ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

သမ္မတရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ ၁၆ သန်းရှိပြီး ၈၃.၇ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြတယ်လို့ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရာဂျာပက်ခ်ဆာက ယနေ့ (နိုဝင်ဘာ ၁၈ ရက်) မှာ သီရိလင်္ကာသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် စီစဥ်ထားပါတယ်။

(Infographice: AFP)

ရာဂျာပက်ခ်ဆာကို ထောက်ခံသူအချို့က ကိုလံဘိုမြို့တော်ရှိ ၎င်းရဲ့နေအိမ်အပြင်ဘက်မှာ လာရောက်စုရုံးခဲ့ကြကြောင်း AFP သတင်းက ပြောပါတယ်။ "ကျွန်တော် တစ်ညလုံး အိပ်မရခဲ့ဘူး၊ အရမ်းစိတ်လှုပ်ရှားရပါတယ်။ သူက ကျွန်တော်တို့ လိုအပ်နေတဲ့ သမ္မတပါပဲ" လို့ ရာဂျာပက်ခ်ဆာရဲ့ အိမ်အပြင်ဘက်မှာ ရောက်နေခဲ့သူ အသက် ၂၂ နှစ်အရွယ် ဒက်ဗ်နီအမည်ရှိ ကျောင်းသားက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က