ဗင်ကားတစ်စီးနဲ့ စစ်တပ်ယူနီဖောင်းများဝတ်ဆင်ကာ တိုက်ခိုက်ရန်စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အီစတာဆန်းဒေးနေ့ အသေခံဗုံးခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ အစွန်းရောက်တွေက နောက်ထပ် တိုက်ခိုက်မှုတွေကို ပြင်ဆင်ခဲ့ကြကြောင်း သီရိလင်္ကာ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အစွန်းရောက်တွေက ဗင်ကားတစ်စီးနဲ့ စစ်တပ်ယူနီဖောင်းများ ဟန်ဆောင်ဝတ်ဆင်ကာ တိုက်ခိုက်မှုတွလုပ်ဆာင်ရန် အဆင်သင့်ပြင်ထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နိုင်ပါတယ်" လို့ သီရိလင်္ကာရဲတပ်ဖွဲ့ရဲ့ Ministerial Security Division (MSD) အကြီးအကဲက လွှတ်တော်အမတ်တွေနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေထံ ပေးပို့တဲ့ သတိပေး အကြောင်းကြားစာတစ်စောင်မှာ ရေးသားထားမှုကို Reuters သတင်းဌာနက ယနေ့ (ဧပြီ ၂၉ ရက်) မြင်တွေ့ခဲ့ရပါတယ်။



"ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေအရ ဒီလူတွေက စစ်တပ်ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ဗင်ကားတစ်စီးသုံး အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတယ်" လို့ အဆိုပါစာထဲမှာ ရေးထားပါတယ်။ MSD အကြီးအကဲက ပေးပို့ထားတဲ့စာအရ အစွန်းရောက်တွေက နေရာငါးခုကို ပစ်မှတ်ထားပြီး တနင်္ဂနွေ သို့မဟုတ် တနင်္လာနေ့မှာ တိုက်ခိုက်ရန်စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

(Photo: AFP/Getty Images)

စာထဲမှာ ဖော်ပြထားမှုအရ သီရိလင်္ကာ အရှေ့ဘက်ကမ်းရိုးတန်းရှိ Batticaloa မြို့ဟာ အစွန်းရောက်တွေရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။ အီစတာဆန်းဒေးနေ့ကလည်း ထိုမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ အသေခံဗုံးခွဲမှုကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ အခြား ပစ်မှတ်နေရာတွေကိုတော့ စာထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။

သီရိင်္ကာအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနဲ့ အတိုက်အခံ လွှတ်တော်အမတ်နှစ်ဦးတို့က MSD အကြီးအကဲထံမှ တိုက်ခိုက်မှုအန္တရာယ် သတိပေးအကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်း Reuters ကို အတည်ပြုခဲ့ပါတယ်။ ယမန်နေ့ (တနင်္ဂနွေနေ့) မှာတော့ သီရိလင်္ကာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

(Photo: Reuters)

လုံခြုံရေးတပ်ဖွဲ့တွေကလည်း နိုင်ငံတစ်ဝှမ်း စီးနင်းရှာဖွေမှုတွေ ပြုလုပ်ပြီး အစ္စလာမ်မစ်အစွန်းရောက်အဖြစ် သံသယရှိသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ စီးနင်းမှုများအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိခဲ့ပြီး ကလေးများအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပါတယ်။

သီရိလင်္ကာမှာ ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့ (Easter Sunday) က ကိုလံဘိုမြို့နဲ့ပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံခြားသား ၄၀ ဦး အပါအဝင် လူ ၂၅၃ ဦး သေဆုံးခဲ့ပါတယ်။

(Photo: AFP)

အီစတာဆန်းဒေးနေ့ အသေခံဗုံးခွဲမှုတွေကို NTJ က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရက ပြောထားပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို ပြည်တွင်းမှ ပညာတတ် အသေခံ ဗုံးခွဲသမား ၉ ဦးက လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၈ ဦးကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အသေခံဗုံးခွဲသမား ၉ ဦးအနက် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အိုင်အက်စ်နဲ့ဆက်နွယ်သူ ၁၄၀ ရှိပြီး ၎င်းတို့အနက် ၇၀ ဝန်းကျင် လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ဆိုပါတယ်။

(Photo: AFP)

ထိုအတောအတွင်း သီရိလင်္ကာအစိုးရက လူမြင်ကွင်းမှာရှိနေစဉ် မျက်နှာကိုဖုံးအုပ်ထားမှု တားမြစ်ပိတ်ပင်တဲ့ ကန့်သတ်ချက်တစ်ရပ်ကို ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီး ယနေ့ စတင်သက်ရောက်ကြောင်း သိရပါတယ်။ သီရိလင်္ကာရှိ မွတ်စလင်မ်အမျိုးသမီးတွေက အပြင်ထွက်စဉ်မှာ ထိုသို့ မျက်နှာကိုဖုံးအုပ်ထားတဲ့ ဝတ်စုံများဝတ်ဆင်လေ့ရှိကြပါတယ်။

"ဒီလို တားမြစ်ပိတ်ပင်မှုက နိုင်ငံတော်လုံခြုံရေးအတွက် ဖြစ်ပါတယ်၊ မည်သူမည်ဝါမှန်း ခွဲခြားရန်ခက်ခဲစေတဲ့ မျက်နှာကိုဖုံးအုုပ်ထားမှု မည်သူမျှ မလုပ်သင့်ပါဘူး" လို့ အဆိုပါ ကြေညာချက်မှာ ပြောထားကြောင်း AFP သတင်းမှာဖော်ပြပါတယ်။

ဆက်စပ်သတင်းမျာ



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က