ဂျပန်မှာ ပညာသင်ကြားနေတဲ့ သီရိလင်္ကာ အင်ဂျင်နီယာနှစ်ဦးက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Ko John

သီရိလင်္ကာရဲ့ ပထမဆုံး နိုင်ငံပိုင်ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ယခုသီတင်းပတ်အတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(ဂြိုဟ်တုတည်ဆောက်ခဲ့သည့် သီရိလင်္ကာအင်ဂျင်နီယာနှစ်ဦး) (Photo: ait.ac.th)

ရာဝဏ-၁ (Ravana-1) လို့ အမည်ပေးထားတဲ့ အဆိုပါ ဂြိုဟ်တုကို နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) ကနေ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဂျပန်နဲ့ နီပေါနိုင်ငံတို့မှ အခြား BIRDS 3 ဂြိုဟ်တုသုံးလုံးနဲ့အတူ့ ပို့လွှတ်လိုက်တာဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် အလျား ၄.၄ လက်မ၊ အနံ ၃.၉ လက်မနဲ့ အမြင့် ၃.၉ လက်မရှိတဲ့ ကုဗပုံ Ravana-1 ဂြိုဟ်တုကို အာကာသအင်ဂျင်နီယာပညာရပ်ကို လေ့လာသင်ကြားနေတဲ့ သီရိလင်္ကာအင်ဂျင်နီယာ ကျောင်းသူကျောင်းသားနှစ်ဦးက ပုံစံထုတ်တည်ဆောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

(သီရိလင်္ကာ၊ နီပေါနှင့် ဂျပန်နိုင်ငံတို့မှ ဂြိုဟ်တုများ) (Photo: dailynews.lk)

အလေးချိန် ၂.၃ ပေါင်ရှိတဲ့ Ravana-1 ဂြိုဟ်တုကို ISS ကနေ တနင်္လာနေ့ (ဇွန် ၁၇ ရက်) သီရိလင်္ကာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း Colombo Page သတင်းက ပြောပါတယ်။ Ravana-1 ဂြိုဟ်တုကို တည်ဆောက်ခဲ့ကြတဲ့ Tharindu Dayaratne နဲ့ Dulani Chamika တို့ဟာ ဂျပန်နိုင်ငံ Kyushu Institute of Technology ကျောင်းမှာ အာကာသအင်ဂျင်နီယာပညာရပ်ကို သင်ကြားနေကြသူတွေလည်း ဖြစ်ပါတယ်။

သီရိလင်္ကာအင်ဂျင်နီယာနှစ်ဦး တည်ဆောက်ခဲ့တဲ့ ဂြိုဟ်တုကို ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (Japan Aerospace Exploration Agency) ထံ ယခုနှစ် ဖေဖေါ်ဝါရီ ၁၈ ရက်မှာ တရားဝင်လွှဲပြောင်းအပ်နှံခဲ့ပြီး ISS သို့ ဧပြီ ၁၇ ရက်မှာ Cygnus-1 အမေရိကန်အာကာသယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

(နိုင်ငံတကာအာကာသစခန်းကို တွေ့ရစဉ်) (Photo: NASA)

သီရိလင်္ကာရဲ့ ပထမဆုံးဂြိုဟ်တုဟာ သီရိလင်္ကာနဲ့ အနီးပတ်ဝန်းကျင် နေရာတွေရဲ့ပုံရိပ်များကို ရိုက်ကူးခြင်း အပါအဝင် မစ်ရှင်ငါးခုကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Ravana-1 ဂြိုဟ်တုရဲ့ သက်တမ်းဟာ တစ်နှစ်ခွဲဖြစ်ပေမဲ့ ငါးနှစ်ကြာအထိ လုပ်ငန်းဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ထားကြောင်း Press Trust of India သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က