ကိုလံဘိုမြို့နဲ့ပတ်ဝန်းကျင်ရှိ ဘုရားကျောင်းနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်နဲ့ပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုရားကျောင်းသုံးကျောင်းနဲ့ ဟိုတယ်သုံးလုံးမှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းအတွင်း မြင်ကွင်း) (Photo: @sebastianchurch150/Facebook)

ပေါက်ကွဲမှုတွေကြောင့် နိုင်ငံခြားသား ၃၅ ဦး အပါအဝင် လူ ၃၂၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၅၀ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။ ကိုလံဘိုမြို့တော်ရှိ ဈေးနှုန်းကြီးမြင့်တဲ့ ဇိမ်ခံဟိုတယ်အချို့နဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ ကိုလံဘိုမြို့တော် အပြင်ဘက်ရှိ နောက်ထပ် ခရစ်ယာန်ဘုရားကျောင်နှစ်ကျောင်းတို့ကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုများ ယနေ့ (ဧပြီ ၂၁ ရက်) ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



(ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းအပြင်ဘက် မြင်ကွင်း) (Photo: Reuters)

ကိုလံဘိုမြို့တော် Kochchikade အရပ်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်း၊ ကိုလံဘိုမြို့တော်အပြင်ဘက် Negombo မြို့နဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ကိုလံဘိုမြို့တော်ရှိ Shangri La, Cinnamon Grand နဲ့ Kingsbury ဟိုတယ်တွေမှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုလံဘိုမြို့တော်မှာ ဖြစ်ပွးခဲ့တဲ့ ပေါက်ကွဲမှုများကြောင့် လူ ၄၅ ဦး သေဆုံးခဲ့ပြီး Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦး သဆေုံးခဲ့ပါတယ်။ ထို့အတူ Negombo မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ပေါက်ကွဲမှုမှာလည်း နောက်ထပ် လူ ၆၇ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးမှုတွေလည်းရှိနိုင်ကြောင်း သိရပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းအတွင်း မြင်ကွင်း) (Photo: AFP)

ပထမဆုံး ပေါက်ကွဲမှုနှစ်ခုက ကိုလံဘိုမြို့တော်ရှိ St Anthony's ခရစ်ယာန်ဘုရားကျောင်းနဲ့ ကိုလံဘိုအပြင်ဘက် Negombo မြို့ရှိ St. Sebastian's ခရစ်ယာန်ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် မိနစ်ပိုင်းအကြာမှာ ကိုလံဘိုမြို့တော်ရှိ ဟိုတယ်သုံးလုံးနဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှာလည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ဘုရားကျောင်း ဗုံးခွဲခံရပါတယ်၊ သင်တို့ရဲ့ မိသားစုဝင်တွေ အဲဒီမှာရှိနေခဲ့ရင် လာရောက်ကူညီကြပါ" လို့ Negombo မြို့ Katuwapitiya အရပ်ဒေသရှိ St. Sebastian's ဘုရားကျောင်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတယ်လို့ AFP က ပြောပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဟိုတယ်တစ်ခု မြင်ကွင်း) (Photo: Daily Mirror)

ယခု တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကို အသေခံဗုံးခွဲသမားက လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေမှာ အီစတာဆန်းဒေး (Easter Sunday) ပွဲတော်အတွက် လူအများအပြား စုရုံးရောက်ရှိနေခဲ့ကြကြောင်းလည်း သိရပါတယ်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ် မြင်ကွင်း) (Photo: Reuters)

အီစတာဆန်းဒေး မတိုင်မီ ၁၀ ရက်အလိုမှာ သီရိလင်္ကာရဲတပ်ဖွဲ့ အကြီးအကဲက အစွန်းရောက် အစ္စလာမ်မစ်အုပ်စုတွေက ထင်ရှားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတိပေးခဲ့တယ်လို့ ရုရှားသတင်းဌာန RT က ဖော်ပြထားပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ သီရိလင်္ကာမှာ တိရိစ္ဆာန်ဥယျာဉ်အနီးရှိ ဟိုတယ်တစ်ခုမှာ အပါအဝင် နောက်ထပ် ပေါက်ကွဲမှုနှစ်ခုထက်မနည်း ထပ်မံ ဖြစ်ပွားခဲ့ကြောင်းနဲ့ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့) (Photo: Reuters)

ယနေ့ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဆက်နွယ်နိုင်တဲ့ သံသယရှိသူ အမျိုးသား ၂၄ ဦးကို သီရိလင်္ကာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ ရှစ်ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကိုလံဘိုမြို့တော် ဆင်ခြေဖုံးဒေသ Dematagoda ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းပြီး သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးခဲ့မှုအတွင်း ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က