အစောပိုင်းမှာကတည်းက အဘူဘာကာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ သေဆုံးသွားခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယနေ့ (အောက်တိုဘာ ၂၇ ရက်) အတည်ပြု ကြေညာပါတယ်။

(ဗီဒီယိုထဲမှာတွေ့ရသည့် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ) (Photo: AP)

အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာက အသေခံဗုံးခွဲဝတ်စုံကို ဖောက်ခွဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သတင်းထောက်များနဲ့တွေ့ဆုံစဉ် သမ္မတထရန့်က ပြောခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ ပြုလုပ်ခ့တဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားများ သေဆုံးမှု မရှိခဲ့ကြောင်းနဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာနဲ့အတူ ၎င်းရဲ့အပေါင်းအပါ အများအပြား သေဆုံးခဲ့ကြောင်းလည်း ထရန့်က ဖြည့်စွက်ပြောပါတယ်။



(အိုင်အက်စ်ခေါင်းဆောင်ကို စီးနင်းမှုစစ်ဆင်ရေးအား ထရန့်ကြည့်ရှုနေစဉ်) (Photo: The White House)

"ကျွန်တော်တို့ရဲ့ စစ်မှုထမ်းခွေးက သူ့နောက်ကိုလိုက်ခဲ့တယ်၊ သူက ဥမင်လှိုဏ်ခေါင်းအဆုံးကို ရောက်သွားခဲ့ပြီး သူ့ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ အသေခံ ဗုံးခွဲဝတ်စုံကို ဖောက်ခွဲပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ သူ့ကလေးသုံးဦးကိုပါ သတ်လိုက်ပါတယ်၊ သူ့ခန္ဓာကိုယ်က ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းပြတ်သွားခဲ့ပြီး ဥမင်လှိုဏ်ခေါင်းက သူ့အပေါ်ကို ပြိုကျသွားခဲ့တယ်" လို့ အမေရိကန်သမ္မတထရန့်က အဘူဘာကာကို စီးနင်းမှုဖြစ်စဉ်ကို ပြောခဲ့ပါတယ်။

သမ္မတထရန့်ရဲ့ ယခု ကြေညာချက်မထွက်ပေါ်မီကတည်းက သတင်းတွေမှာ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးသွားပြီလို့ ရေးသားဖော်ပြနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အစောပိုင်း ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထိုစဉ်က မှတ်ချက်ပေးမှုမရှိခဲ့ပါဘူး။

(စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်နေရာ မြင်ကွင်းတစ်ခု) (Photo: Ghaith Alsayed/AP)

အမေရိကန် Newsweek မဂ္ဂဇင်းက အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးကြောင်းသတင်းကို ပထမဆုံး ဖော်ပြလာခဲ့တာဖြစ်ပြီး အမေရိကန်စစ်တပ် တာဝန်ရှိသူတစ်ဦးက အဘူဘာကာ သေဆုံးခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုအကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယား၊ အီရတ်နဲ့ အီရန်ရှိ သတင်းရင်းမြစ်တွေကလည်း ထရန့်ရဲ့ကြေညာချက် မထုတ်ပြန်မီကတည်းက အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးသွားပြီလို့ အတည်ပြုထားခဲ့ကြပါတယ်။

(၂၀၁၄ ခုနှစ် ဇူလိုင် ၅ ရက်နေ့က ဗီဒီယိုမှာတွေ့ရသည့် အဘူဘာကာ) (Photo: AFP)

ဆီးရီးယားအနောက်မြောက်ပိုင်း Idlib ပြည်နယ်ရှိ စစ်သွေးကြွအုပ်စုတစ်ခုရဲ့ ခေါင်းဆောင်ကလည်း ဒေသစံတော်ချိန် စနေနေ့ (အောက်တိုဘာ ၂၆ ရက်) သန်းခေါင်ကျော်အချိန်မှာ စတင်ခဲ့ပြီး ရဟတ်ယာဉ်များ၊ စစ်လေယာဉ်များနဲ့ မြေပြင်တပ်ဖွဲ့များ ပါဝင်တဲ့ စစ်ဆင်ရေးကို တူရကီနိုင်ငံ နယ်စပ်အနီးရှိ Brisha ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးခဲ့တယ်လို့ ပြောထားခဲ့ပါတယ်။

ထို့အတူ အီရတ်လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်နှစ်ခုနဲ့ အီရန်အစိုးရ တာဝန်ရှိသူနှစ်ဦးကလည်း အဘူဘာကာ သေဆုံးသွားကြောင်း ဆီးရီးယားနိုင်ငံထဲမှ အတည်ပြုချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

(အဘူဘာကာကို စီးနင်းတိုက်ခိုက်မှု သရုပ်ဖော်ပုံ) (Infographic: Daily Mail)

"ကျွန်တော်တို့ရဲ့ ဆီးရီးယားမှာရှိတဲ့ သတင်းရင်းမြစ်တွေက အဘူဘာကာဟာ သူ့ရဲ့ကိုယ်ရံတော်နဲ့အတူ Idlib မှာ သေဆုံးသွားပြီလို့ အီရတ်ထောက်လှမ်းရေးအဖွဲ့ကို အတည်ပြုပြောခဲ့ပါတယ်၊ အဘူဘာကာက သူ့မိသားစုကို Idlib ကနေခေါ်ထုတ်ပြီး တူရကီနယ်စပ်ကိုသွားဖို့ ကြိုးစားခဲ့တုန်း သူ ပုန်းအောင်းနေတဲ့နေရာကို သိရှိသွားခဲ့တာပါ" လို့ အီရတ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

အဘူဘာကာရဲ့ တည်နေရာကို သိရှိနိုင်ရန် အီရတ်ထောက်လှမ်းရေးအဖွဲ့တွေက ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ လူမြင်ကွင်းမှာတွေ့ရခဲတဲ့ အိုင်အက်စ်အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူဘာကာကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုင်အက်စ်အုပ်စု ယခုနှစ် ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုတစ်ခုမှာ ပြန်လည်ထွက်ပေါ်လာတာ မြင်တွေ့ခဲ့ကြရပါတယ်။

Source: AFP, Reuters



က္က