နိုင်ငံခြားသား အိုင်အက်စ်အဖွဲ့ဝင်တွေရဲ့ ဇနီးနဲ့ကလေးများ လွတ်မြောက်သွားပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာ တူရကီနိုင်ငံက ထိုးစစ်ဆင်တိုက်ခိုက်နေမှုအတွင်း ထိန်းသိမ်းရေးစခန်းတစ်ခုမှ အိုင်အက်စ်အကြမ်းဖက်အုပ်စုအဖွဲ့ဝင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေရဲ့ ဇနီးသည်တွေနဲ့ ၎င်းတို့ရဲ့ကလေးများ ၈၀၀ နီးပါး ထွက်ပြေးလွတ်မြောက်သွားကြောင်း ကာဒစ်အုပ်စု တာဝန်ရှိသူတွေက ပြောပါတယ်။

(ဆီးရီးယားမြောက်ပိုင်းမှာ တိုက်ခိုက်နေမှု မြင်ကွင်းတစ်ခု) (Photo: Nazeer Al-Khatib/AFP)

ကာဒစ်အုပ်စုက ထုတ်ပြန်မှုအရ ရက်ကာမြို့အနီးရှိ Ain Issa ထိန်းသိမ်းရေးစခန်းမှ အိုင်အက်စ်နဲ့ဆက်နွယ်တဲ့ အမျိုးသမီးများနဲ့ ၎င်းတို့ရဲ့ကလေးများ စုစုပေါင်းအရေအတွက် ၇၈၅ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။ အဆိုပါ ထိန်းသိမ်းရေးစခန်းမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေရဲ့ ဇနီးသည် ၂၄၉ ဦးနဲ့ ၎င်းတို့ရဲ့ကလေး ၇၀၀ ကို ထိန်းသိမ်းထားရှိကြောင်း ကာဒစ်ဦးဆောင်တဲ့ Syrian Democratic Forces (SDF) တပ်ဖွဲ့က ပြောပါတယ်။



အို၎င်းတို့က Ain Issa ထိန်းသိမ်းရေးစခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဉ် စခန်းရဲ့ဂိတ်တံခါးတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကာဒစ်တို့ဦးဆောင်တဲ့ SDF တပ်ဖွဲ့က အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ ဆွေမျိုးများ စုစုပေါင်း ၁၂,၀၀၀ ခန့်ကို ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေးစခန်းများမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

(Ain Issa ထိန်းသိမ်းရေးစခန်း) (Photo: Syrian Observatory for Human Rights)

SDF က ထိန်းသိမ်းထားသူတွေအနက် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ၊ အမျိုးသမီးများနဲ့ ကလေးများ စုစုပေါင်းအရေအတွက် ၄,၀၀၀ ခန့်လည်း ပါဝင်ကြောင်း သိရပါတယ်။ အိုင်အက်စ်အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတဲ့ နေရာများအား အတိအကျ ထုတ်ဖော်ပြောခြင်းမရှိပေမဲ့ အချို့ဟာ တူရကီနိုင်ငံ နယ်စပ်အနီးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုအခြေအနေမှာ ကာဒစ်အုပ်စု ခြေကုပ်ယူထားတဲ့ ဆီးရီးယားမြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့များ ပြန်ရုပ်သိမ်းလိုက်ရာ တူရကီက နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ "ဒီတိုက်ခိုက်မှုက ကျွန်တော်တို့ရဲ့ တောင်ပိုင်းနယ်စပ်တစ်လျှောက် အကြမ်းဖက်တွေ ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းဖြစ်လာမှာကို ကာကွယ်တားဆီးတာ ဖြစ်ပါတယ်" လို့ တူရကီသမ္မတ အာဒိုဂန်က Twitter မှာ ပြောထားပါတယ်။

(နယ်စပ်မှာတွေ့ရသည့် တူရကီစစ်တပ် တင့်ကားအချို့) (Photo: Reuters)

တူရကီနိုင်ငံက ဆီးရီးယားမြောက်ပိုင်းကနေ ကာဒစ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေကို တိုက်ထုတ်ပစ်ရန် ရည်ရွယ်ပြီး အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ တူရကီတပ်ဖွဲ့တွေနဲ့ ၎င်းရဲ့မဟာမိတ် ဆီးရီးယားတိုက်ခိုက်ရေးသမားတွေက ဆီးရီးယားမြောက်ပိုင်းရှိ Suluk မြို့ကို သိမ်းပိုက်လိုက်ကြောင်း စစ်ပွဲစောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၃ ရက်) ပြောပါတယ်။

တူရကီက ဆီးရီးယားမြောက်ပိုင်းရှိ ကာဒစ်ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် လူဦးရေ ၁၃၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းနဲ့ အရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

(ဆီးရီးယားမြောက်ပိုင်း စစ်ပွဲမြင်ကွင်းတစ်ခု) (Photo: Getty Images)

တူရကီအစိုးရက ကာ့ဒ်မျိုးနွယ်စုတို့ကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲသတ်မှတ်ထားပြီး ၎င်းရဲ့နယ်စပ်မှ ၁၈ မိုင်အကွာ ဆီးရီးယားနိုင်ငံထဲသို့ တိုက်ထုတ်ရှင်းလင်းပြီး လုံခြုံရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် လိုလားနေပါတယ်။ ထို့အတူ လက်ရှိ တူရကီမှာလက်ခံထားတဲ့ ဆီးရီးယားဒုက္ခသည် သုံးသန်းကျော်ကိုလည်း အဆိုပါဇုန်အတွင်း ပြန်လည်နေရာချထားပေးရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

(တူရကီရဲ့မဟာမိတ် ဆီးရီးယားတိုက်ခိုက်ရေးသမားများ) (Photo: Reuters)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့တွေကို အငြင်းပွားဖွယ် ရုပ်သိမ်းသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တူရကီက ကာဒစ်အုပ်စုဦးဆောင်တဲ့ SDF တပ်ဖွဲ့ကို Operation Peace Spring အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲခဲ့တာလည်း ဖြစ်ပါတယ်။ SDF တပ်ဖွဲ့က ဆီးရီးယားရှိ အိုက်အက်စ်အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ အနောက်အုပ်စုရဲ့ အဓိက မဟာမိတ်အဖြစ် ပါဝင်ခဲ့ကြောင်း သိရပါတယ်။ 

Source: AP, BBC, Daily Mail



က္က