ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ကလေးငယ်သုံးဦး အပါအဝင် လူငါးဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၇ ရက်) ပြောပါတယ်။
(ငလျင်ကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့မှု) (Photo: AFP)
ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသမှာ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းက ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့တာဖြစ်ပါတယ်။ ယနေ့ မနက်ပိုင်းမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ငလျင်လှုပ်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြီး သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်မရှိကြောင်း ပြောပါတယ်။
(ငလျင်ကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့မှု) (Photo: Reuters)
မင်ဒါနာအိုရှိ အဓိက မြို့ကြီးတွေမှာ သေဆုံးဒဏ်ရာရမှု သတင်းတွေ မကြားရဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်မှုအတွင်း နေအိမ်ပြိုကျမှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ငါးနှစ်အရွယ်ကလေးတစ်ဦးနဲ့ ၎င်းရဲ့မိခင်ဖြစ်သူမှာ မြေပြိုကျမှုအတွင်း နစ်မြှုပ်သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက AFP သတင်းဌာနကို ပြောပါတယ်။ ငလျင်လှုပ်မှုကို ဖိလစ်ပိုင်မှာ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်တဲ့ ဒါဗာအိုမြို့မှာလည်း ခံစားသိရှိခဲ့ရပါတယ်။
(ငလျင်လှုပ်ပြီးနောက် မီးလောင်မှုခဲ့တဲ့ ရှော့ပင်းမောလ်ကို အပေါ်စီးမှမြင်ရစဉ်) (Photo: AP)
(ငလျင်လှုပ်ပြီးနောက် မီးလောင်မှုဖြစ်ခဲ့တဲ့ ရှော့ပင်းမောလ်) (Photo: AFP)
"ရုတ်တရက် တော်တော်ပြင်းတဲ့ လှုပ်ရမ်းသွားမှုကို ခံစားခဲ့ရပြီး မီးပြတ်သွားတယ်၊ လူတွေ လမ်းပေါ်ကို အမြန်ပြေးဆင်းနေကြတာ တွေ့ခဲ့ရတယ်၊ အားလုံး ထွက်ပေါက်ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတယ်" လို့ ငလျင်ဗဟိုချက်နဲ့ ဒါဗာအိုမြို့ကြားရှိ ကစ်ဒါပါဝမ်မြို့ကို ရောက်ရှိနေခဲ့သူ ဟိုတယ်အကြံပေး Naru Guarda Cabaddu က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။ ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။