ဖိလစ်ပိုင်ဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပါတယ်။
Ko John

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသမှာ တစ်လအတွင်း တတိယအကြိမ် အင်အားပြင်းငလျင်လှုပ်ခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။

(Photo: Manman Dejeto/AFP)

ယနေ့ (အောက်တိုဘာ ၃၁ ရက်) မင်ဒါနာအိုအလယ်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသခံတွေ ဘေးကင်းရာသို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

ယခုနေရာမှာပင် အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) ကလည်း ရစ်ချ်တာစကေး ၆.၆ ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် လူရှစ်ဦး သေဆုံးပြီး အခြား လူ ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ထို့အတူ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မင်ဒါနာအိုဒေသမှာပင် ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်မှုကြောင့် လူငါးဦး သေဆုံးပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Manman Dejeto/AFP)

ယနေ့ ထပ်မံလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြောက်ပိုင်းကိုတာာတိုပြည်နယ်မှာ ရုံးအဆောက်အအုံနံရံ ပြိုကျခဲ့ရာ လူမှုဖူလုံရေးဌာနမှ ဝန်ထမ်းလေးဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် မင်ဒါနာအိုရှိ ဒါဗာအိုမြို့မှာ ကွန်ဒိုတိုက်ခန်း အဆောက်အအုံတစ်ခု ကြီးကြီးမားမား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မင်ဒါနာအိုမြို့ဟာ ငလျင်ဗဟိုချက်နဲ့ ၂၈ မိုင်အကွာမှာ တည်ရှိကြောင်းလည်း သိရပါတယ်။ ထိုအဆောက်အအုံရှိ လူရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေသူများရှိ မရှိ ရှာဖွေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Manman Dejeto/AFP)

ငလျင်လှုပ်မှုကြောင့် နောက်ထပ် မြို့ငယ်တစ်မြို့မှာလည်း အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ရာ ထိုအဆောက်အအုံအတွင်း ယာယီဖွင့်လှစ်ထားပြီး အစောပိုင်းရက် ငလျင်လှုပ်မှုကြောင့် ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးခန်းမှာ ဝိုင်းဝန်းကူညီနေသူ ဒေသခံဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက် ငလျင်ကြောင့် Kidapawan မြို့မှာ အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ရုံးခန်းများလည်း ဖွင့်လှစ်ထားရာ ဟိုတယ်တစ်ခု ပြိုကျခဲ့ပေမဲ့ ဟိုတယ်အဆောက်အအုံအတွင်း မည်သူမျှမရှိခဲ့ကြောင်း Kidapapawan မြို့ အုပ်ချုပ်ရေးမှူး Joseph Evangelista က DZMM ရေဒီယိုသတင်းဌာနကို ပြောပါတယ်။

(Map: USGS)

ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။ ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က