မနီလာမြို့မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ လက်ခံကျင်းပနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ဦးတည်ချဥ်းကပ်လာမှုကြောင့် လူဦးရေသိန်းနဲ့ချီ ရွှေ့ပြောင်းစေခဲ့ပြီး ဘေးကင်းလုံခြုံရေး ကြိုတင်ပြင်ဆင်မှုအဖြစ် မနီလာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယာယီပိတ်ထားရန် အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

(Photo: NAIA Wikipedia page)

တိုင်ဖွန်းကမ်မူရီ (Typhoon Kummuri) ဟာ ယနေ့ (ဒီဇင်ဘာ ၂ ရက်) ညဥ့်နက်ပိုင်း သို့မဟုတ် ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းပါတယ်။ ထို့နောက် မုန်တိုင်းဟာ လူဦးရေ ၁၃ သန်း နေထိုင်ကြပြီး အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) များ လက်ခံကျင်းပနေတဲ့ ဖိလစ်ပိုင်မြို့တော် မနီလာမြို့ကို ဖြတ်သန်းသွားမယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။



မနီလာမှာ ကျင်းပပြုလုပ်နေတဲ့ SEA Games ကို အရှေ့တောင်အာရှ နိုင်ငံများမှ ထောင်နဲ့ချီတဲ့ အားကစားသမားတွေ ပါဝင်ယှဥ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။ မုန်တိုင်းဝင်ရောက်မယ့် အခြေအနေကြောင့် SEA Games ပြိုင်ပွဲရဲ့ အားကစားနည်း ရှစ်မျိုးထက်မနည်းရဲ့ ပွဲစဥ်တွေကို ရွှေ့ဆိုင်းထားမယ်လို့ ဆိုပါတယ်။

(Photo: EPA-EFE)

တိုင်ဖွန်းကမ်မူရီရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၀၃ မိုင်အထိရှိနိုင်ကြောင်းနဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တစ်နာရီလျှင် ၁၄၃ မိုင်အထိ အားကောင်းပြင်းထန်တဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

"ကျွန်တော်တို့ရဲ့ ခန့်မှန်းမှုအရ လေဆိပ်ကို ဒီနေ့ မနက် ၁၁ နာရီကနေ မနက်ဖြန် ဒီဇင်ဘာ ၃ ရက် ည ၁၁ နာရီအထိ ပိတ်ထားမှာပါ" လို့ မနီလာမြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် (NAIA) အာဏာပိုင်အဖွဲ့ရဲ့ အထွေထွေမန်နေဂျာ အက်ဒ်မွန်ရီရဲလ်က ပြောပါတယ်။ NAIA လေဆိပ်ဝန်ဆောင်မှုများ ပြန်စတင်နိုင်မယ့် အချိန်အတိအကျဟာ တိုင်ဖွန်မုန်တိုင်းရဲ့ ပြင်းအားအပေါ်မှာ မူတည်လိမ့်မယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖိလစ်ပိုင်သတင်းဌာန Rappler က ဖော်ပြပါတယ်။

(Map: WeatherUnderground)

NAIA လေဆိပ် ယာယီပိတ်ထားမှုကြောင့် Singapore Airlines, All Nippon Airways နဲ့ Japan Airlines တို့ရဲ့ လေကြောင်းခရီးစဥ်တွေကို သက်ရောက်မှုရှိမယ်လို့ အဆိုပါ လေကြောင်းလိုင်းတွေက ထုတ်ပြန်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း ပထမဆုံး ဝင်ရောက်တိုက်ခတ်မယ့် Bicol ဒေသမှာ လူဦးရေ ၇၀,၀၀၀ နီးပါးကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းထားကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းလမ်းကြာင်းရှိ စုစုပေါင်း လူဦးရေ ၂၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းထားတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေဖြစ်ကာ မုန်တိုင်းဒဏ်သင့် နေရာများရှိ ဒေသခံတွေဟာ ဆင်းရဲမွဲတေမှု အတောမသတ်နိုင် ဖြစ်ကြရပါတယ်။ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် စူပါတိုင်ဖွန်းဟိုင်ယန် (Super Typhoon Haiyan) ဟာ လူသေဆုံးမှုအများဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန်ကြောင့် လူ ၇,၃၀၀ ကျော် သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က