loading...

loading...

loading...

ဈေးဝယ်စင်တာများကိုလည်း တစ်လကြာပိတ်ထားရန် ညွှန်ကြားလိုက်ပါတယ်။
Ko John

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် မနီလာမြို့တော် နယ်နမိတ်အတွင်းရှိ မြို့ ၁၆ ခုမှာ ညမထွက်ရအမိန့်များ ယနေ့ (မတ်လ ၁၄ ရက်) ထုတ်ပြန်လိုက်ပြီး ဈေးဝယ်စင်တာများကိုလည်း တစ်လကြာပိတ်ထားရန် ညွှန်ကြားလိုက်ပါတယ်။

(Photo: Eloisa Lopez/Reuters)

ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူသုံးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ အတည်ပြုခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၈ ဦးရှိလာပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၃၄ ဦး စစ်ဆေးအတည်ပြုခဲ့ပြီး ကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၉၈ ဦးအထိ မြင့်တက်လာပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုင်ငံရဲ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဆင့် သတ်မှတ်ခဲ့ပြီး လူဦးရေ ၁၂ သန်းရှိတဲ့ မနီလာမြို့တော်မှာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားမယ်လို့လည်း သိရပါတယ်။ ဖိလစ်ပိုင်မြို့တော်မှာ ယခု အစီအစဥ်တွေ အပြည့်အဝ သက်ရောက်လာပါက အာရှဒေသအတွင်း ဗိုင်းရပ်စ်တိုက်ဖျက်ရေး အတင်းကျပ်ဆုံး ဆောင်ရွက်တဲ့နေရာတွေအနက် အပါအဝင် ဖြစ်လာမယ်လို့ ဆိုပါတယ်။

(Photo: Inoue Jaena/Rappler

"ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ဖို့အတွက် လူတွေ သွားလာမှုကို ကန့်သတ်ဖို့ လိုပါတယ်၊ မနီလာမြို့တော် နယ်နမိတ်အတွင်း အသွားအလာ နည်းသွားအောင် လုပ်နေပါတယ်" လို့ မနီလာမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ရဲ့ အထွေထွေမန်နေဂျာ ဂျို့စ်အာတူရိုဂါစီယာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) မှာ စတင်သက်ရောက်မယ့် အသွားအလာ ပိတ်ပင်ကန့်သတ်မှုမတိုင်မီ မနီလာမြို့ခံအချို့က ဘတ်စ်ကားဂိတ်နဲ့ လေဆိပ်များသို့ စုပြုံသွားရောက်နေကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ သမ္မတဒူတာတေးက မနီလာမြို့တော် အဝင်အထွက် ကုန်းလမ်းနဲ့ လေကြောင်းခရီးစဥ်တွေကို ကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး မတ်လ ၁၅ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

(Photo: Rappler)

စာသင်ကျောင်းတွေကိုလည်း ဧပြီလ ၁၂ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။ မနီလာမြို့တော် နယ်နမိတ်အတွင်း ည ၈ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့်ကို မတ်လ ၁၅ ရက်မှ ဧပြီ ၁၄ ရက်အထိ ထုတ်ပြန်ထားပြီး အချို့ဝန်ထမ်းများကတော့ ကင်းလွတ်ခွင့်ရမယ်လို့ ဂျို့စ်အာတူရိုဂါစီယာက ပြောပါတယ်။

ညမထွက်ရအမိန့်ကို ချိုးဖောက်သူတွေကိုတော့ အပြစ်ပေးခြင်းနဲ့ ဖမ်းဆီးခြင်း လုပ်ဆောင်မှာမဟုတ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။ မနီလာမြို့တော် နယ်နမိတ်အတွင်း မြို့ ၁၆ ခုမှာ ဈေးဝယ်စင်တာများနဲ့ လုပ်ငန်းတွေကို ယာယီ ပိတ်ပင်ထားရန် ညွှန်ကြားထားပြီး အခြေခံ ကုန်စုံပစ္စည်းအရောင်းဆိုင်များ၊ ဘဏ်များနဲ့ ဆေးဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။

(Photo: Maria Tan/AFP)

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ဥရောပနိုင်ငံများနဲ့ အမေရိကန်မှာလည်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရပါတယ်။ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၆၆၀ ဦးနဲ့ သေဆုံးသူ ၁,၂၆၆ ဦးအထိ ရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ အီတလီဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံပြီးလျှင် ကူးစက်မှုနဲ့သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။

မတ်လ ၁၄ ရက် ညနေပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၄,၄၀၃ ဦးနဲ့ သေဆုံးသူ ၅,၄၃၂ ဦးသို့ မြင့်တက်လာကြောင်း သိရပါတယ်။ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။


loading...

က္က