နာဗိုတက်စ်မြို့မှ မြို့ခံများ သီတင်းနှစ်ပတ်ကြာ နေအိမ်မှာနေကြရမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေမှုကြောင့် မနီလာမြို့တော် ဧရိယာအတွင်း မြို့တစ်မြို့ရှိ လူဦးရေ ၂၅၀,၀၀၀ ခန့်ကို lockdown လုပ်ထားမယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၃ ရက်နေ့မှာ ပြောပါတယ်။



(Photo: Reuters)

လူဦရေ ၁၂ သန်းရှိ မနီလာမြို့တော် ဧရိယာအတွင်း မြို့ ၁၆ ခုအနက် အပါအဝင်ဖြစ်တဲ့ နာဗိုတက်စ်မြို့မှ မြို့ခံများ သီတင်းနှစ်ပတ်ကြာ နေအိမ်မှာ နေကြရမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ကမ္ဘာ့အရှည်ကြာဆုံး lockdown ကာလပြီးဆုံးနောက် သီတင်းခြောက်ပတ်မျှအကြာမှာ နာဗိုတက်စ်မြို့ကို အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown ပြန်သတ်မှတ်တာလည်း ဖြစ်ပါတယ်။

"ဒါက ဖြေရှင်းနည်းတစ်ခုဆိုတာ ကျွန်တော် မသေချာပါဘူး၊ ဒါပေမဲ့ ဒီလို လုပ်မယ်ဆိုရင် ကူးစက်မှုအရေအတွက် မြင့်တက်လာမှာ မဟုတ်ပါဘူး" လို့ နာဗိုတက်စ်မြို့တော်ဝန် Toby Tiangco က ရေဒီယိုသတင်းဌာနကို ပြောပါတယ်။ နာဗိုတက်စ်မြို့ဟာ မနီလာမြို့တော် ဧရိယာအတွင်း အဆင်းရဲဆုံး နေရာတွေအနက်တစ်ခုဖြစ်ပြီး မနီလာမြို့တော်ရဲ့ အဓိက ငါးဖမ်းဆိပ်ကမ်း ဖြစ်ပါတယ်‌ေ

(Photo: AP)

ဒေသဆိုင်ရာအစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ နာဗိုတက်စ်မှာ COVID-19 ကူးစက်ခံရသူ ၉၃၁ ဦးနဲ့ သေဆုံးသူ ၅၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။ သို့သော် လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း နာဗိုတက်စ်မှာ ကူးစက်မှုများ မြင့်တက်နေခဲ့ပါတယ်။ နာဗိုတက်စ်မှာ lockdown သတ်မှတ်ချက်ဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆ ရက်) သို့မဟုတ် ကြာသပတေးနေ့ (ဇူလိုင် ၁၇ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ပြီး အသေးစိတ် ညွှန်ကြားချက်တွေကို အပြီးသတ် ပြင်ဆင်နေကြောင်း Toby Tiangco က ပြောပါတယ်။

နာဗိုတက်စ်မှာ ပြန်သတ်မှတ်မယ့် lockdown အစီအမံတွေအရ မြို့ခံတွေကို အလုပ်သွားခွင့်ပြုပေမဲ့ နေအိမ်ပြင်ပ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခွင့် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ဈေးဆိုင်များနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် ဖွင့်လှစ်လုပ်ကိုင်နိုင်မှာဖြစ်ပြီး စားသောက်ဆိုင်တွေကိုတော့ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

(Photo: EPA-EFE)

နာဗိုတက်စ်မှာ lockdown စီမံဆောင်ရွက်ချက်တွေကို လိုက်နာစေရန်နဲ့ ချိုးဖောက်သူတွေကို ဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားနိုင်ရန် မနီမြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲကို အကူအညီတောင်းထားကြောင်းလည်း မြို့တော်ဝန် Toby Tiangco က ပြောခဲ့ပါတယ်။ ထိုအတောအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်မှုအရ ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၁၆၂ ဦး တိုးလာခဲ့ကြောင်းနဲ့ ထိုအရေအတွက်ဟာ အရှေ့တောင်အာရှဒေသတွင်း နေ့အလိုက် အများဆုံး သေဆုံးမှုအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် စာရင်းတွေအရ ဖိလစ်ပိုင်မှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂,၁၂၄ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၅၃၄ ဦးရှိခဲ့ပြီး သံသယလူနာ သေဆုံးမှုအရေအတွက်မှာ ၁၂,၀၀၀ နီးပါးဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က